နေပြည်တော်၊ အောက်တိုဘာ ၁၆

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး H.E Mr. Harishchandra Ghimire အား ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးက နီပေါနိုင်ငံရှိ လုမ္ဗနီဒေသသည် ဘုရားဖူး ခရီးသွားများ သွားရောက်လည်ပတ်ရန် အကောင်းဆုံးနေရာဖြစ်ပြီး ခရီးသွားဧည့်သည် လာရောက်မှု အခြေအနေ၊ လေကြောင်းလိုင်းများ ပြေးဆွဲရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသားလေကြောင်းနှင့် မြန်မာနိုင်ငံ နိုင်ငံတကာလေကြောင်းလိုင်းများဖြင့် တွေ့ဆုံဆွေးနွေးမှု၊ နီပေါနိုင်ငံတွင် e-visa စနစ် ဆောင်ရွက်နေမှုနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များကို အသေးစိတ်ဆွေးနွေး ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနအနေဖြင့် နီပေါနိုင်ငံ၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် မြို့ပြလေကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးထားသည့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို ဆက်လက်အကောင်အထည်ဖော်ရေး၊ ဘုရားဖူး ခရီးသွားများအတွက် Charter Flight များ ပြန်လည်ပြေးဆွဲနိုင်ရေး၊ ဗုဒ္ဓဂါယာ၊ လုမ္ဗနီကဲ့သို့ ဘုရားဖူးခရီးစဉ်များအတွက် လေကြောင်းလိုင်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများကို ဘုရားဖူးခရီးစဉ်များ စီစဉ်ပြေးဆွဲနိုင်ရေး၊ လေကြောင်းလိုင်း ပြေးဆွဲမှုများရှိပြီးဖြစ်သောကြောင့် နှစ်နိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေး၊ နီပေါနိုင်ငံတွင် တောင်တက်ခရီးသွားလုပ်ငန်း ဆောင်ရွက်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း Adventure Tourism ဖွံ့ဖြိုးရန် ဆောင်ရွက်နေပြီ ဖြစ်သောကြောင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားရေး ဆွေးနွေး ပြောကြားသည်။

 

သတင်းစဉ်