နေပြည်တော် နိုဝင်ဘာ ၁ဝ
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ရုရှား ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip-FAM Trip) ပြီးဆုံးပြီးနောက် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း တိုးမြှင့်ဆောင်ရွက်နိုင်ရေး အတွက် အစိုးရ-ပုဂ္ဂလိက ပါဝင်သော working group များ ဖွဲ့စည်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံ ခရီးသွားများ အပြန်အလှန် သွားလာလည်ပတ်ရေး၊ အစိုးရ-ပုဂ္ဂလိက အားလုံးပါဝင်သော Virtual Tourism Forum ပြုလုပ်နိုင်ရေး၊ နှစ်နိုင်ငံ ခရီးစဉ်ဒေသများသို့ တိုက်ရိုက်လေ ကြောင်းလိုင်းများ ပျံသန်းပြေးဆွဲပေးနိုင်ရေး၊ နှစ်နိုင်ငံ ခရီးစဉ်ဒေသများ ကြော်ငြာမြှင့်တင်ရေးနှင့် နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လာအိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာဆီယံ ပို့ဆောင်ရေး ဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးတို့သို့ အွန်လိုင်းမှ ပါဝင်တက်ရောက်သည်။
အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ချမှတ်ထားသော မဟာဗျူဟာများနှင့်အညီ အာဆီယံဒေသတွင်း ဦးစားပေးခရီးစဉ်ဒေသများနှင့် ဝင်ထွက်ပေါက်များ သတ်မှတ် ဆောင်ရွက်ရန်၊ ဒေသတွင်း ခရီးသွားလာမှု လွယ်ကူချောမွေ့စေရန်နှင့် ခရီးသွားလုပ်ငန်းနှင့် ပို့ဆောင်ရေးကဏ္ဍများ အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်၊ အာဆီယံ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့နှင့် အာဆီယံပို့ဆောင်ရေး အဆင်မြင့်အရာရှိကြီးများအကြား အထူးလုပ်ငန်းအဖွဲ့တစ်ရပ် ဖွဲ့စည်းဆောင်ရွက်ရန် အဆိုပြုချက်ကို ကြိုဆိုထောက်ခံပါကြောင်းနှင့် ဒေသတွင်းခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မြန်မာနိုင်ငံအနေဖြင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင် ရွက်သွား မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
အစည်းအဝေးသို့ အာဆီယံပို့ဆောင်ရေးဝန်ကြီးများ၊ အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ၊ အာဆီယံအတွင်း ရေးမှူးချုပ်၊ အာဆီယံခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့များ၊ အာဆီယံ ပို့ဆောင်ရေးအဆင်မြင့်အရာရှိကြီးများ၊ အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်ကိုယ်စားလှယ်များ၊ နိုင်ငံတကာလေကြောင်းပို့ဆောင်ရေးအဖွဲ့(IATA)နှင့် နိုင်ငံတကာ အပျော်စီးသင်္ဘောလုပ်ငန်းအဖွဲ့ (CLIA) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ယင်းအစည်းအဝေးကို အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်းများ မြှင့်တင်ရာတွင် ဒေသတွင်း အဓိကဦးစားပေး ခရီးစဉ်ဒေသများသို့ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများ ပိုမိုတိုးတက်စေရေးအတွက် အာဆီယံပို့ဆောင်ရေး ကဏ္ဍနှင့် ခရီးသွားကဏ္ဍအကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)