နေပြည်တော် ဇန်နဝါရီ ၃၁

ခရီးသွားကုမ္ပဏီများ၏ အစီအစဉ်ဖြင့်လာရောက်လည်ပတ်သော ပြည်ပခရီးသွားဧည့် သည်များ နေပြည်တော်ရှိ ခရီးစဉ်ဒေသများသို့ လွယ်ကူအဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ရေးအတွက်  မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ၊ ထိုင်းခရီးသွား ဝန်ဆောင်မှုပေးနေသော ခရီးလှည့်လည်ရေးကုမ္ပဏီများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ နီလာခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နယ်ရုံးခွဲများမှ တာဝန်ခံများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ပြည်ထောင်စုနယ်မြေသည် မြန်မာနိုင်ငံရှိ ထင်ရှားသော ခရီးစဉ်ဒေသများသို့ သွားရောက်ရန် အချက်အချာကျသောနေရာတွင် တည်ရှိနေပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး ခရီးသွားအခြေခံ အဆောက်အ အုံများရှိနှင့်ပြီးဖြစ်ပါကြောင်း၊ ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ သွားလာလည် ပတ်ရန်အတွက် ခရီးသွား ဆွဲဆောင်ရာနေရာ(၃၈)နေရာ ရှိပါကြောင်း၊ မကြာသေးခင်က တည်ထားကိုးကွယ်တော်မူသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးမှာလည်း ထင်ရှားသည့် ခရီးသွားဆွဲဆောင်ရာ နေရာတစ်ခုပင်ဖြစ်ပါကြောင်း၊ နေပြည်တော်အနေဖြင့် (၂၀၂၂)ခုနှစ်တွင် အာဆီယံသန့်ရှင်းသော ခရီးသွားမြို့တော်ဆုကို ရရှိခဲ့ပါကြောင်း။ 

နေပြည်တော်ရှိခရီးစဉ် ဒေသများသို့ ပြည်ပခရီးသွားဧည့်သည်များ တိုးတက်ဝင်ရောက် လာရေး အကြံပြုဆွေးနွေးပေးကြ စေလိုပါကြောင်း၊ ခရီးလှည့်လည်ရေး ကုမ္ပဏီများအနေ ဖြင့်လည်း တာဝန်ယူမှုရှိပြီး ရေရှည်တည်တံ့သော ခရီးစဉ်ကောင်းများဖြစ်လာစေရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက နေပြည်တော်သို့ ပြည်ပခရီးသွား ဧည့်သည်များ စင်းလုံးငှားလေယာဉ်ခရီးစဉ်များဖြင့်လာရောက်ရာတွင် လုပ်ဆောင်ရမည့်အခြေအနေများ၊ ထိုင်းခရီးသွားဝန်ဆောင်မှုပေးနေသော ခရီးလှည့်လည်ရေးကုမ္ပဏီများမှ ဆောင်ရွက်ပေးစေလိုသည့်ကိစ္စရပ်များ၊ နေပြည်တော်သို့ ပြည်ပခရီးသွားများ တိုးတက်ဝင်ရောက်လာရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနှင့် ခရီးလှည့်လည်ရေးကုမ္ပဏီများမှ တာဝန်ရှိသူများက ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် တွေ့ကြုံရသည့် အခက်အခဲများ ၊ နေပြည်တော်အား ခရီးစဉ်များရေးဆွဲ ရောင်းချရာတွင် ထည့်သွင်းရေးဆွဲသွားမည့်အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ကိုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။ 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ် ပြည်ပဆက်ဆံရေးကော်မတီ ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျင်းပသော စိန့်ပီတာစဘတ်-မြန်မာခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲသို့ အွန်လိုင်းမှ တက်ရောက်သည်။ 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများအား ရုရှား ခရီးသွားဧည့်သည်များ ပိုမိုသိရှိလာရောက်လည်ပတ်စေရန် Welcome Russia Program in Myanmar အစီအစဉ်၊  ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် အစီအစဉ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပသော ခရီးသွားပြပွဲများသို့ ပါဝင်ပြသခြင်းအစီအစဉ်၊ ခရီးစဉ်ဒေသဆိုင်ရာ သတင်းအချက်အလက်များကို မြှင့်တင်ကြော်ငြာခြင်း အစီအစဉ်တို့ကို ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားသော ခရီးသွားလုပ်ငန်းဆိုင်ရာ နားလည်မှုစာချွန်လွှာအရ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် စိန့်ပီတာစဘတ်အပါအဝင် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ ခရီးစဉ်ဒေသမြို့များသို့ နှစ်နိုင်ငံခရီးသွားများ အပြန်အလှန် လွယ်ကူချောမွေ့စွာ သွားလာလည်ပတ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးပြောကြားပြီး  မြန်မာနိုင်ငံနှင့် စိန့်ပီတာစဘတ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူး၊  စိန့်ပီတာစဘတ်မြို့မှ မြန်မာကောင်စစ်ဝန်ချုပ်၊ စိန့်ပီတာစဘတ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဒုတိယဥက္ကဋ္ဌ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာကုန်သွယ်ရေးတာဝန်ခံ Mr. Vladimir S. Kazadayev၊ စိန့်ပီတာစဘတ် ပြည်ပဆက်ဆံရေးကော်မတီ၏ ဒုတိယဥက္ကဋ္ဌ Mr. Vyacheslav Kalganov တို့က အမှာစကားများပြောကြားကြသည်။ 

ထို့နောက် ဆွေးနွေးပွဲအစီအစဉ်အရ မော်စကိုအခြေစိုက် စိန့်ပီတာစဘတ်ရုံးမှ FUN SUN Tour Operator Margarita Meshcheryakova က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် ခရီးသွားအတွေ့အကြုံများ၊ တွေ့ကြုံရသည့်အကျိုးကျေးဇူးများနှင့် စပ်လျဉ်း၍ရှင်းလင်းတင်ပြပြီး နှစ်နိုင်ငံမှ တက်ရောက်လာသည့် ကိုယ်စားလှယ်များက သိရှိလိုသည်များကို ရင်းနှီးပွင့်လင်းစွာ မေးမြန်း/ ဖြေကြားမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်