နေပြည်တော်၊ နိုဝင်ဘာ ၁၄
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး၊ ရန်ကုန်တိုင်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးနန္ဒအောင်တို့နှင့်အတူ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် Strand Hotels International Co.,Ltd တို့ ဖက်စပ် ဆောင်ရွက်နေသော ဟိုတယ်များဖြစ်သည့် ဒဂုံမြို့နယ်ရှိ Hotel G၊ မရမ်းကုန်းမြို့နယ်ရှိ အင်းလျားလိတ် ဟိုတယ် (Inya lake Hotel) များသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် Hotel G သို့ ရောက်ရှိစဉ် Myanmar Hotel International Co.,Ltd ၏ Managing Director Mr. Sukhdeep Singh နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ခရီးသွား ဧည့်သည်များအနက် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အများစုလာ ရောက်ကြသည်ကို တွေ့ရှိရပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများသို့ လာရောက်သည့် ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကြစေရေးကို ကြိုးစားမြှင့်တင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ Hotel G ၏ တည်နေရာ ကောင်းမွန်မှုနှင့် ထူးခြားသော ဝန်ဆောင်မှုများဖြင့် ပေါင်းစပ်မြှင့်တင် ဆောင်ရွက်ပါက ခရီးသွားဧည့်သည်များ ပိုမိုလာရောက်ကြမည်ဖြစ်ပြီး ဟိုတယ်ပုံရိပ် ကောင်းမွန်လာကာ ဝင်ငွေလည်း တိုးတက်ရရှိလာမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မရမ်းကုန်းမြို့နယ်ရှိ အင်းလျားလိတ်ဟိုတယ် (Inya Lake) ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်