နေပြည်တော် ဒီဇင်ဘာ ၁၈

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန၊ စိန့်ပီတာစဘတ်အစိုးရ ပြည်ပဆက်ဆံရေးကော်မတီ၊ စိန့်ပီတာစဘတ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ စိန့်ပီတာစဘတ် ကွန်ဗင်းရှင်းဗျူရို၊ ရော့စ်ကွန် ဂရက်နှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းတို့က ဒီဇင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ပူးပေါင်းစီစဉ် ကျင်းပသည့် စိန့်ပီတာစဘတ် နိုင်ငံတကာခရီးသွားလုပ်ငန်းဖိုရမ်သို့ တက်ရောက်နိုင်ရန် ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့မှ စိန့်ပီတာစဘတ်မြို့သို့ ထွက်ခွာခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စိန့်ပီတာစဘတ်မြို့သို့ ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းတွင် ရောက်ရှိခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက်၌ စိန့်ပီတာစဘတ် Business ဟိုတယ်တွင် Russia Friendly: Inbound Tourism in a multipolar world ခေါင်းစဉ်ဖြင့် ဆွေးနွေးသည့် ဆွေးနွေးပွဲသို့ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ ရုရှားနိုင်ငံနှင့် ခရီးသွားလုပ်ငန်းပူးပေါင်း ဆောင်ရွက်မှု အခြေအနေများ၊ မြန်မာနိုင်ငံသို့ ရုရှားခရီးသွားများ ပိုမိုတိုးတက်လာရောက်ရေး Welcome Russia Program in Myanmar ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်လိုသည့် ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။ ထို့ပြင်တက်ရောက်လာကြသည့် စပိန်၊ ဂျော်ဒန်၊ အိန္ဒိယ၊ ယူအေအီး၊ ကာတာနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များက နိုင်ငံတကာနှင့် ဒေသတွင်း စီမံကိန်းဖော်ဆောင်မှုများ၊ ဗီဇာ၊ ငွေကြေးစနစ်များနှင့် ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး ကိစ္စရပ်များကိုဆွေးနွေးကြသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၁၄ ရက်တွင် Four Seasons Hotel ၌ ကျင်းပသည့် Plenary session တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ ပြည်ဝင်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုရလဒ်များနှင့် အနာဂတ်အစီအစဉ်များ ရှင်းလင်းတင်ပြခြင်း ဆွေးနွေးပွဲနှင့် နိုင်ငံတော်ဦးစားပေးလုပ်ငန်းအစီအစဉ်များအရ ခရီးစဉ်ဒေသ အသစ်များ ဖော်ထုတ်သည့် ဆွေးနွေးပွဲသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေး ပြောကြားရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကို မြှင့်တင်နိုင်ခဲ့ပါကြောင်း၊  မြန်မာနိုင်ငံအနေနှင့် ရေမြေတောတောင် သဘာဝအလှအပများ၊ ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝပြီး တစ်နှစ်ပတ်လုံး ခရီးသွားလာနိုင်ကာ ခရီးသွားလုပ်ငန်း အမျိုးအစားပေါင်းစုံကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်များ တဖြည်းဖြည်း တိုးတက်ဝင်ရောက်လာလျက်ရှိပြီး ထိုင်း၊ တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ ခရီးသွားများ အများဆုံး လာရောက်ခဲ့ပါကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများ၊ တရုတ်၊ အိန္ဒိယနှင့် ရုရှားကဲ့သို့ မိတ်ဖက်နိုင်ငံများမှ ခရီးသွားများ လာရောက်လည်ပတ်နိုင်ရေး မျှော်မှန်းထားပါကြောင်း၊ ခရီးသွားလုပ်ငန်းအတွက် လေကြောင်း ချိတ်ဆက်မှုမှာ အရေးကြီးပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား တိုက်ရိုက်လေကြောင်း ပျံသန်းမှုများလည်းရှိလာပါကြောင်း၊ ရုရှားခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ်ရေးအတွက် ပြည်ဝင်ဗီဇာ ဖြေလျော့ပေးမှုများ၊ ကြိုဆိုရေး အစီအစဉ်များနှင့် မြှင့်တင်ကြော်ငြာရေး ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ-ရုရှား ခရီးသွားလုပ်ငန်း ဖိုရမ်ကျင်းပနိုင်ရေးအတွက် စိန့်ပီတာစဘတ် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ နှစ်နိုင်ငံ အစိုးရချင်း၊ ပုဂ္ဂလိကချင်း နီးကပ်စွာ လက်တွဲဆောင်ရွက်သွားလိုပါကြောင်း ဆွေးနွေး ပြောကြားပြီးနောက် မြန်မာနိုင်ငံ၏ ခရီးသွားမြှင့်တင်ရေး ဗီဒီယိုဖိုင်ကို ပြသခဲ့သည်။

 

ယင်းနေ့ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရုရှားနိုင်ငံ အစည်းအဝေးများ၊ ပြပွဲများ ကျင်းပခြင်းဆိုင်ရာ မိုက်စ် (MICE) ဆု ပေးပွဲ ချီးမြှင့်ခြင်းအခမ်းအနားသို့တက်ရောက်သည်။

 

ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည်  The State Heritage Museum သို့သွားရောက်လေ့လာခဲ့ပြီး မွန်းလွဲပိုင်းတွင် စိန့်ပီတာစဘတ် အစိုးရအဖွဲ့ရုံး စမွန်နီဟော (Smolny Hall) ၌ စိန့်ပီတာစဘတ် အစိုးရပြည်ပဆက်ဆံရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ မစ္စတာ ဗီချေစလပ်ကော်ဂါနော့ဗ် (Mr. Vyacheslav Kalganov)၊ စိန့်ပီတာစဘတ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဌ မစ္စ နာနာဂဗီချီယာ (Ms. Nana Gvichia) တို့ ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံသည်။  

      

တွေ့ဆုံစဉ် နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာအရ အကောင်အထည်ဖော်ဆောင်ရန် ကိစ္စရပ်များ၊ မြန်မာ-ရုရှား နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးနှင့် အပြန်အလှန် လာရောက်လည်ပတ်မှုများ တိုးတက်လာစေရေး၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး၊ ရုရှားနိုင်ငံမှ အကူအညီပေးရေး၊ ဆောင်ရွက်ဆဲဖြစ်သည့် မြန်မာ-စိန့်ပီတာစဘတ် virtual forum ကိုမကြာမီကာလအတွင်း ဆောင်ရွက်နိုင်ရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအချင်းချင်းချိတ် ဆက်၍ tourist package များဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၁၆ ရက်တွင် စိန့်ပီတာစဘတ်မြို့မှ ပြန်လည်ထွက်ခွာခဲ့ပြီး ဒီဇင်ဘာ ၁၇ ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိ သူများနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ် ဆက်ခဲ့ကြသည်။

 

အဆိုပါဖိုရမ်သည် တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများ၏ ရလဒ်များကိုဆွေးနွေးသုံးသပ်၍ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စီမံချက်များရေးဆွဲရန် အဓိကကျသော အစိုးရပိုင်းနှင့် လုပ်ငန်းပိုင်းဆိုင်ရာ စင်္ကြံကြီးတစ်ခုအဖြစ် သတ်မှတ်ထားပြီးကျင်းပသော ခရီးသွားလုပ်ငန်းဖိုရမ် တစ်ရပ်ဖြစ်ပြီး အဆိုပါဖိုရမ်သို့ နိုင်ငံပေါင်း (၄၀) ကျော်က လူဦးရေ (၁၀၀၀) ကျော် တက်ရောက်ကြကာ ကမ္ဘာအနှံ့က အောင်မြင်သည့် ခရီးသွားလုပ်ငန်း အလေ့အကျင့်ကောင်းများနှင့် အမျိုးသားစီမံကိန်းများနှင့်ပတ်သက်၍ အတွေ့အကြုံများကို မျှဝေနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်းသိရသည်။ 

 

သတင်းစဉ်