နေပြည်တော် ၂၇ ဩဂုတ် 

 

2020 ASEAN Leadership & Partnership Forum ကို ယနေ့မွန်းလွဲပိုင်းတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ Virtual စနစ်ဖြင့်ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ပါဝင်တက်ရောက်သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက “Cohesive and Responsive ASEAN” ဟူသော ရည်မှန်းချက်အောက်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးသည် အာဆီယံ၏ စည်းလုံးညီညွတ်မှု၊ သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေးအရပေါင်းစည်းမှုနှင့် အာဆီယံ၏ သူမတူသည့်ထူးခြားမှုများကို မြှင့်တင်သွားရမည်ကို အဖွဲ့ဝင်နိုင်ငံများအားလုံးက အထူးအလေးထားကြပါကြောင်း၊ ထို့အပြင် ဒေသတွင်းနဲ့ ကမ္ဘာ့အခင်းအကျင်းတွင် လျင်မြန်သည့်ပြောင်းလဲမှုများကြောင့် ရင်ဆိုင်ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို စုပေါင်းဖြေရှင်းကြရမည်ဖြစ်ကြောင်း။  

 

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် နှေးကွေးသွားသည့် အာဆီယံ၏ FTAs များ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ်များကို ပြန်လည်မောင်းနှင် ဆောင်ရွက်သွားရမည်ဖြစ်ပြီး FTAs များတွင် အထောက်အပံ့ကွင်းဆက်များ ချောချောမွေ့မွေ့ လည်ပတ်နိုင်စေရန်နှင့် အခွင့်အလမ်းသစ်များ ဆက်လက်ဖန်တီးပေးနိုင်ရန်တို့ကိုလည်း အလေးထားဆောင်ရွက်နေကြပါကြောင်း။

 

အာဆီယံသည် ကမ္ဘာ့စီးပွားရေးတွင် အဓိကကျသည့် စီးပွားရေးအင်အားကြီးအဖွဲ့ အစည်းတစ်ခုအဖြစ် ရပ်တည်နေသော်လည်း ကမ္ဘာတွင်အဓိကအရေးပါသည့် Digital Economy တစ်ခု ဖြစ်လာစေရေးအတွက် ကိုဗစ်-၁၉ ကြောင့် ပြန်လည်နလန်ထူလာရေး ကြိုးပမ်းမှုများတွင် ဒစ်ဂျစ်တယ်လ်နည်းပညာများ၏ မရှိမဖြစ်အရေးပါမှုကို အသိအမှတ်ပြုပြီး Digital Integration ဆောင်ရွက်နိုင်မှသာလျှင် အာဆီယံသည် အခြားသော ကမ္ဘာ့အဓိကနိုင်ငံကြီးများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိလာမည်ဖြစ်ပါကြောင်း၊ သို့မှသာ ဒေသတွင်းကူးလူးဆက်သွယ်မှုကို ပိုမိုတိုးမြှင့်စေပြီး ဒေသတွင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးအပြင် ရင်းနှီးမြှုပ်နှံမှုကိုပါ မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း။

 

ယနေ့ကျင်းပသည့် ASEAN Leadership and Partnership Forum သည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကြုံတွေ့ရသည့်စိန်ခေါ်မှုတွေကို ဖြေရှင်းရန်နှင့် အာဆီယံကို ကြံ့ကြံ့ခိုင်ပြီး ခိုင်မာတောင့်တင်း၍ တန်ပြန်တုံ့ပြန်နိုင်စွမ်းအားမြင့်မားသည့် ဒေသတစ်ခုအဖြစ် တိုးတက်လာစေရန်သာမက အဓိကကျသည့် Digital Economy ဖြစ်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၊ သုတေသနအဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများ၊ စာပေပညာရှင်များနှင့် မီဒီယာများမှ ခေါင်းဆောင်များတွေ့ဆုံပြီး ထိရောက်မှုရှိသည့် ရလဒ်ကောင်းများထုတ်ပေးနိုင်သည့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ရေးအတွက် အရေးပါသည့် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ပါကြောင်း။

 


အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဒေသတွင်းရှိမတူကွဲပြားသည့် တန်ဖိုးများကို နက်နက်ရှိုင်းရှိုင်းနားလည်၍ ကမ္ဘာ့စီးပွားရေးအရ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်တဲ့ စွမ်းရည်ရှိသည့်အပြင်  ချမှတ်ထားတဲ့ ပန်းတိုင်များကိုလည်းရောက်ရှိအောင် ပူးပေါင်းဆောင်ရွက်နိုင်ပြီး အာဆီယံကို “ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသော ပတ်ဝန်းကျင်ကောင်းတစ်ခု” အဖြစ် ထိထိရောက်ရောက်ဖန်တီးနိုင်ရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။ 

 

အစည်းအဝေးသို့ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး၊ မလေးရှားနိုင်ငံ၊ Prime Minister’s Department (Economy) မှ ဝန်ကြီး၊ ဗီယက်နမ်နိုင်ငံ ASEAN Business Advisory council မှ Chairman နှင့် Vietnam Chamber of Commerce & Industry မှ Vice-Chairman၊ QI Group မှ Executive Chairman၊ မလေးရှားနိုင်ငံ Economic Club of Kuala Lumpur မှ Chairman နှင့် KSI Strategic Institute မှ Adviser၊ KSI Strategic Institute for Asia Pacific မှ President နှင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

 

သတင်းစဉ်