နေပြည်တော်  ၅ နိုဝင်ဘာ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပနေသည့် “တတိယအကြိမ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ - The 3rd China International Import Expo (CIIE)-2020” နှင့် Hongqiao International Economic Forum ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၆ နာရီခွဲက hybrid ပုံစံဖြင့်ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် အွန်လိုင်းမှ ပါဝင်တက်ရောက်သည်။

အခမ်းအနား၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင် က အဖွင့်အမှာစကား ပြောကြားရာတွင် CIIE – 2020 ကုန်စည်ပြပွဲကို ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများကို ပြန်လည်ကောင်းမွန် တိုးတက်လာ စေရေး အထောက်အကူဖြစ်စေရန်၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန်နှင့် ယဉ်ကျေးမှုဖလှယ်ရန်တို့အတွက် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးစနစ် တိုးတက်လာစေရေး လွတ်လပ်သောနည်းပညာစီးဆင်းမှု (Free Flow of Technology) ကို အားပေးမြှင့်တင် လျက်ရှိပါကြောင်း၊ ယခုပြပွဲတွင် နည်းပညာဆိုင်ရာထုတ်ကုန်အသစ်များ၊ တီထွင်ဆန်းသစ်မှုအသစ်များကို ထုတ်ဖော် ပြသနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံသည် ဒေသတွင်းအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများတွင် တက်ကြွစွာပါဝင်ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် တွင်လည်း တက်ကြွစွာ လိုက်ပါပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် ပါကစ္စတန်နိုင်ငံသမ္မတ Mr. ArifAlvi ၊ တောင်အာဖရိကနိုင်ငံသမ္မတ  Mr. Matamela Cyril Ramaphosa ၊ ချီလီနိုင်ငံသမ္မတ Mr. Sebastian Pinera ၊ ဥဇဘက်ကစ္စတန်နိုင်ငံသမ္မတ Mr. ShavkatMirziyoyev ၊ ဆာဘီးယားနိုင်ငံသမ္မတ Mr. Aleksandar Vucic ၊ စပိန်နိုင်ငံသမ္မတ Mr. Pedro Sánchez Pérez-Castejón၊ နယူးဂီနီနိုင်ငံဝန်ကြီးချုပ် Mr. James Marape ၊ ဟန်ဂေရီနိုင်ငံဝန်ကြီးချုပ် Mr. Viktor Orban ၊ UNCTAD အထွေထွေ အတွင်း ရေးမှူးချုပ် Mr. MukhisaKituyi ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ညွှန်ကြားရေးမှူးချုပ် Mr. TedrosAdhanom Ghebreyesus ၊ ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO)ညွှန်ကြားရေးမှူးချုပ် Mr. Daren Tang ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Yi Xiaozhunတို့က Video Keynote Speech များ ပြောကြားခဲ့ကြသည်။

The 3rd China International Import Expo (CIIE) - 2020 ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ၏ ကြီးမားကျယ်ပြန့်သည့် ဈေးကွက်အတွင်းသို့ နိုင်ငံတကာမှကုန်စည်များ ဈေးကွက်ရရှိနိုင်ရေးအတွက် နိုင်ငံတကာကုန်စည်များ ဈေးကွက် ဝင်ရောက်ခွင့်အား ဖွင့်လှစ်ပေးသည့်အနေဖြင့် ၂၀၁၈ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်သည် တတိယအကြိမ်မြောက် ကျင်းပသည့် ကုန်စည်ပြပွဲဖြစ်သည်။ အဆိုပါကုန်စည်ပြပွဲ၌ နိုင်ငံပေါင်း ၄၅ နိုင်ငံမှ Online နှင့် Offline နှစ်မျိုးစလုံးဖြင့် ပါဝင်ပြသမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အသင့်စားကော်ပြန့်ကြော်၊ လက်ဖက်ခြောက်၊ သီဟိုဠ်စေ့၊ စားသောက်ကုန်များ ပါဝင်ပြသမည်ဖြစ်သည်။

Hongqiao International Economic Forum၏ အဓိကခေါင်းစဉ်မှာ “Win-Win ပူးပေါင်း ဆောင်ရွက်မှုအတွက် ဖွင့်လှစ်ခြင်းနှင့် ဆန်းသစ်တီထွင်ခြင်းဖြစ်ပြီး ကမ္ဘာ့စီးပွားရေးဆိုင်ရာ အုပ်ချုပ်မှုစနစ်တိုးတက်စေရန်၊ ပြုပြင် ပြောင်းလဲရန်နှင့် ကျန်းမာသော ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် “Hongqiao Wisdom” ကို အဆိုပြုရန် ကမ္ဘာလုံးဆိုင်ရာနိုင်ငံရေး၊ စီးပွားရေးနှင့် ပညာရေးအသိုင်းအဝိုင်းများအတွက် အဆင့်မြင့်တွေ့ဆုံဆွေးနွေး ခြင်းဖြစ်သည်။

အဆိုပါကုန်စည်ပြပွဲဖွင့်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
 
သတင်းစဉ်