နေပြည်တော် ၁၆ ဩဂုတ်
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ မုံခုံကျေးရွာအုပ်စု နန်းတော်ကျေးရွာ၌ ဝဥ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများနှင့် တွေ့ဆုံပြီး ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
တွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညွှန့်ရွှေ၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝဥလုပ်ငန်းသည် နိုင်ငံခြားဝင်ငွေရရှိသော လုပ်ငန်းဖြစ်သဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုး တင်ပို့ကြစေလိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူလျင်မြန်စေရေးအတွက် ဖြေလျှော့မှုများ ပြုလုပ်ပေးနေပါကြောင်း၊ ဝဥများကို တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်တင်ပို့ရောင်းချပါက နိုင်ငံခြား ဝင်ငွေများစွာ ရရှိမည်ဖြစ်ပါကြောင်း၊ တက်ရောက် လာကြသူများ အနေဖြင့်လည်း လုပ်ငန်းအခက်အခဲများကို ပွင့်လင်းစွာ တင်ပြကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ဝဥစိုက်ပျိုးထုတ်လုပ်သူ ဦးညီဇော်ထိုက်က ကုန်ထုတ်လုပ်ငန်များ ပြန်လည် ကောင်းမွန်လာစေရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးရန်နှင့် မုံခုံကျေးရွာ အုပ်ချုပ်ရေးမှူးက လမ်းမကြီးနှင့် ဆက်စပ်လမ်းများအပေါ် မော်တော်ယာဉ်များ သွားလာမှုကြောင့် လမ်းများ ပျက်စီးနေမှုကို ပြန်လည် ပြုပြင်ပေးရန် တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းပေးမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေး ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မုံခုံကျေးရွာနေ တောင်သူဦးမောင်ငယ်၏ စိုက်ခင်း၌ A.T.I စပါး ၁၁ ဧက စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပဲခူးမြို့၊ ရွာသစ်ကျေးရွာရှိ “အေးမြကြည်”ကုမ္ပဏီလီမိတက် သံရည်ကျို၊ သံနန်းဆွဲ၊ တွင်ခုံလုပ်ငန်းသို့ ရောက်ရှိကြပြီး စက်ရုံအတွင်း သံရည်ကျိုသွန်းလောင်းနေမှု၊ ထုတ်လုပ်ပြီး မီးသတ်ပိုက်ခေါင်းများနှင့် စိုက်ပျိုးရေးသုံး စက်ကိရိယာများကို ကြည့်ရှုအားပေးကာ သံရည်ကျိုလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းရှင်များအနေဖြင့် တစ်ဦးချင်း၊ တစ်ယောက်ချင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းထက် အသင်းအဖွဲ့ဖွဲ့၍ လုပ်ငန်းများကို ဆောင်ရွက်စေလိုပါကြောင်း၊ အခက်အခဲများရှိပါက သက်ဆိုင်ရာ အသင်းအဖွဲ့များမှတစ်ဆင့် ဌာနဆိုင်ရာများသို့ တင်ပြပေးကြစေလိုပါကြောင်း၊ သို့မှသာ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ သံထည်ပစ္စည်းလုပ်ငန်းများအတွက် နည်းပညာ ဈေးကွက်ချဲ့ထွင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြ ရန်လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် သံရည်ကျိုလုပ်ငန်းရှင်များက သံရည်ကျိုချက်ရာတွင် အသုံးပြုသည့် ရေနံချေးများ ရရှိစေရေးနှင့် စက်မှုဇုန်များ၌ စက်ရုံတည်ထောင်ရန် မြေနေရာရရှိရေးတို့အတွက် ကူညီဆောင်ရွက်ပေးရန်၊ သံရည်ကျို လုပ်ငန်းများ ရေရှည်တည်တံ့ လည်ပတ်ဆောင်ရွက်နိုင်ရန်နှင့် ကျေးရွာအတွင်းရှိ လူငယ်များ၏ အလုပ်အကိုင် အခွင့်အလမ်းရရှိရန်၊ နိုင်ငံတော်က ချေးငွေနှင့် စက်ရုံတည်ထောင်ရန် မြေနေရာရရှိအောင် စီစဉ်ဆောင်ရွက်ပေးရန် တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ ပြွန်တန်ဆာမြို့၊ ဘိုင်းဒါးကျေးရွာ သို့ရောက်ရှိပြီး ကျေးရွာအစည်းအဝေးခန်းမ၌ သီးနှံစိုက်ပျိုးထုတ်လုပ်သူများနှင့် တွေ့ဆုံ ကာ တောင်သူများ၏ လုပ်ငန်းခွင် အခက်အခဲများအား ကူညီဖြေရှင်းပေးနိုင်ရန်အတွက် တက်ရောက်လာကြသူများအနေဖြင့် အခက်အခဲများကို ပွင့်လင်းစွာ တင်ပြကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသော ကုန်သည်လုပ်ငန်းရှင်များ၊ တောင်သူများက နိုင်ငံတော်က ဝယ်ယူသည့် ဆန်စပါးအခြေခံစျေးနှုန်းကို တိုးမြှင့်သတ်မှတ်ပေးရန်၊ ဖရဲသီးများ ဆုံးရှုံးမှုနည်းပါးစေရေးအတွက် ပြည်တွင်းသယ်ယူမှု လွယ်ကူစေရန် ကူညီဆောင်ရွက်ပေးရန်၊ လယ်ယာသီးနှံအတွက် အသုံးပြုသော သွင်းအားစုများဖြစ်သည့် ဓာတ်မြေသြဇာ၊ ပိုးသတ် ဆေး များကို အရည်အသွေး မှန်ကန်စွာရရှိရေး စိစစ်ဆောင်ရွက်ပေးရန်၊ လယ်ယာမြေပိုင်ဆိုင်မှု ပုံစံ-၇ ရရှိရေးနှင့် ချေးငွေအမြန်ဆုံးရရှိရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က ပြန်လည်ဆွေးနွေးပြီး သက်ဆိုင်ရာများနှင့် ပေါင်းစပ် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်လေးပင်မြို့၊ မြို့မ(၃)ရပ်ကွက်ရှိ ‘ACT’ သဘာဝ သစ်သီးကုန်သည်လုပ်ငန်းသို့ ရောက်ရှိကြပြီး စက်ရုံအတွင်း သစ်သီးများမှ သဘာဝ သစ်သီးအရည် ထုတ်လုပ်နေမှုကို ကြည့်ရှုအားပေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်လေးပင်မြို့ “ဟုတ်လင် ကွမ်းအင်း” ဘုရားကျောင်းခန်းမ၌ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်ကာလအလွန်တွင် မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အားကောင်းလာစေရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းအခက်အခဲများကိုလည်း ပွင့်လင်းစွာ တင်ပြကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များက မိမိတို့ထုတ်လုပ်သည့် လယ်ယာသုံး စက်ပစ္စည်းများကို တောင်သူများထံ ဈေးနှုန်းသက်သာစွာ ပြန်လည်ရောင်းချပေး နိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် ပံ့ပိုးကူညီပေးရန် တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ပေါင်းစပ်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ညောင်လေးပင်မြို့၊ တော်ဝိစံပြကျေးရွာသို့ ရောက်ရှိပြီး မဟာသကျရံသီ ရောင်တော်ပြန် စေတီတော်မြတ်ကြီး၏ ဓမ္မာရုံ၌ သီးနှံစိုက် တောင်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် သီးနှံစိုက် တောင်သူများက ရဲနွယ်ရေသောက်စီမံကိန်း ရေပေးဝေမှုနှင့် ပြောင်းစိုက်ပျိုးရေးရာသီ၌ ရေရရှိရေး ဆောင်ရွက်ပေးရန်၊ ကုန်ထုတ်လမ်းများ ပြန်လည် ပြုပြင်ပေးရန်နှင့် ရေထွက်ပြွန်ပေါက်များ ကျဉ်းမြောင်းနေမှုအား ပြုပြင် ဆောင်ရွက်ပေးရန် ကိစ္စရပ်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
(သတင်းစဉ်)