နေပြည်တော် ၂၃ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီးအတွင်း Ration စနစ်ဖြင့် အခြေခံစားကုန်များ ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိရန်ကိစ္စနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရိက္ခာဖြန့်ဝေရန်လိုအပ်ပါက ဖြန့်ဝေပေးရန် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ညွှန်ကြားချက်ရှိ၍ လည်းကောင်း၊ ကိုဗစ်-၁၉ ဒုတိယလှိုင်းသည် ရန်ကုန်တိုင်းဒေသကြီးတွင် ပိုမိုကြုံတွေ့ခံစားနေရ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လိုအပ်သည့်ကန့်သတ်မှုများ ပြုလုပ်နေ၍လည်းကောင်း၊ အဆိုပါတိုင်းဒေသကြီးရှိ ပြည်သူများသို့ ရိက္ခာဖြန့်ဝေနိုင်ရေးအတွက် ရိက္ခာဝယ်ယူစုဆောင်းရေးနှင့် ဖြန့်ဖြူးမည့်အစီအစဉ်များကို ညှိနှိုင်းဆွေးနွေး ကြစေလိုပါကြောင်း၊ အစည်းအဝေး၏ အဓိကရည်ရွယ်ချက်မှာ ဖြန့်ဝေမည့်ရိက္ခာများ အလွယ်တကူရရှိရေးနှင့် ရိက္ခာဖြန့်ဝေမှုကြောင့် လူစုလူဝေးမဖြစ်စေရန်ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၌ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုအပေါ် ကာကွယ်၊ ထိန်းသိမ်း၊ ကုသမှု ပြုနေကြသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များကို ချီးကျူးဂုဏ်ပြုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ကိုဗစ်-၁၉ ပထမလှိုင်းကာလ၌ ရိက္ခာဖြန့်ဝေမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု များပြားနေခြင်းကြောင့် လူအများ စိုးရိမ်ကြောင့်ကြမှု ဖြစ်နေကြောင်း၊ လိုအပ်၍ ရန်ကုန်တွင် ပြည်သူများအား မိမိနေအိမ်တွင်သာ နေထိုင်စေမည့်အမိန့် ထပ်မံထုတ်ပြန်ရမည်ဆိုပါက မိသားစုများအတွက် (၂)ပတ်စာခန့် စားသောက်နိုင်သည့် ရိက္ခာဖြန့်ဖြူးပေးနိုင်ရေး ဆွေးနွေးကြရန်ဖြစ်ပါကြောင်း၊ ရိက္ခာခြောက်သာမက ရိက္ခာအစိုများ ဖြန့်ဖြူးပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် အရေးပေါ်ရိက္ခာစုဆောင်းမှုကို အတိုင်းအတာတစ်ခုအထိ စုဆောင်းပြီးဖြစ်ရာ ထပ်မံစုဆောင်းရန် လိုအပ်သည်များ ဖြန့်ဖြူးပေးရေးအစီအစဉ်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များ၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့နှင့် ဘုရင်နောင်ကုန်စည်ဒိုင်တို့မှ တာဝန်ရှိသူများက ကုန်စည်စီးဆင်းမှုများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်