နေပြည်တော် ၂၃  ဩဂုတ်

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ယနေ့နံနက် ၈ နာရီက သန်လျင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် သန်လျင်၊ ကျောက်တန်းမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများ၊ ကုန်သည်များ၊ ပွဲစားများ၊ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

 

တွေဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့နိုင်ငံအနှံအပြားတွင် ကိုဗစ်-၁၉ ကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုကို မလွှဲမသွေကြုံတွေ့ရမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အနာဂတ်တွင် စားနပ်ရိက္ခာထုတ်လုပ်သည့် နိုင်ငံအဖြစ် ရပ်တည်နိုင်မည်ဆိုပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်များစွာ အထောက်အကူဖြစ်နိုင် မည်ဖြစ်ရာ စပါး၊ ပဲ၊ ပြောင်းအပါအဝင် လယ်ယာထွက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများတွင် တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်သည့် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသူများအနေဖြင့် ရေမြေရာသီဥတုအားသာချက်ကို အမိအရ ဆုပ်ကိုင်၍ လယ်ယာထုတ်ကုန်များတိုးတက်ထုတ်လုပ်ကြ စေရန်နှင့် လိုအပ်သည့်နည်း ပညာနှင့် ဈေးကွက်ရရှိရေးအတွက်လည်း သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

 

ထိုနောက် ကျောက်တန်းမြို့နယ်၊ သီလဝါရှိ Wilmar Myanmar Group ၏ ဆန်စပါး၊ ဂျုံနှင့် ဆီ ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်စစ်ဆေးရာ စက်ရုံတွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ၊ Wilmar Myanmar Group Director ဦးမောင်ကျေးနှင့် တာဝန်ရှိသူများက စက်ရုံဝင်း အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အရအကောင်အထည်ဖော်ဆောင်ရွက်နေသည့် နိုင်ငံတကာ ဆိပ်ကမ်းတည်ဆောက်မှု၊ စပါးတန်(၅၂၀၀၀) သိုလှောင်နိုင်သည့် ဆိုင်လိုများတည်ဆောက် ထားရှိမှုအခြေအနေ၊ တစ်ရက်တန် (၃၀၀)ကျ စပါးပေါင်းစက်ရုံများ အကောင်အထည်ဖော်ဆောင်ရွက် နေမှုအခြေအနေနှင့် တစ်ရက်တန် (၄၀၀) ဖွဲနုဆီစက်နှင့် တစ်ရက်(၈) မီဂါဝပ်စပါးခွံသုံး လျှပ်စစ်ဓာတ် အားထုတ်စက်များ တည်ဆောက်မှုအစီအစဉ်၊ တန်(၅၂၀၀၀)ကျ ဂျုံစက်တည်ဆောက်မည့် အစီအစဉ်နှင့် လက်ရှိလုပ်ငန်းများတွင် လည်ပတ်နေသည့် စားသုံးဆီများ၊ Consumer Pack ဖြင့် ထည့်သွင်းဖြန့်ဖြူးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက Wilmar Myanmar Ltd အနေဖြင့် သီလဝါဒေသအတွင်း လယ်ယာထုတ်ကုန်အခြေပြု ကုန်ထုတ်လုပ်ငန်းများကို ပြည်တွင်းလုပ်ငန်းရှင် အချို့နှင့် အကျိုးတူပူးပေါင်း၍ နိုင်ငံတကာအဆင့်မီ အဆင့်မြင့်အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိသည်ကိုတွေ့ရပါကြောင်း၊ ယခုလိုရင်းနှီးမြှုပ်နှံမှုများ တိုးတက်ပြောင်းလဲလာပါက စပါးစိုက် တောင်သူများအတွက် များစွာအကျိုးရှိနိုင်မည် ဖြစ်သလို လုပ်ငန်းရှင်များမှလည်း နမူနာယူစရာ နည်းပညာများရရှိနိုင်မည်ဖြစ်၍ နိုင်ငံတော်မှ သတ်မှတ်ချက်များနှင့်အညီ အမြန်ဆုံးအကောင် ထည်ဖော်ဆောင်ရွက်သွားကြရန်မှာကြားသည်။

 

ဆက်လက်၍ ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ကျောက်တန်း မြို့နယ်ရှိ ဒေသခံပြည်သူများ၊ စက်ပိုင်၊ ကုန်သည်ပွဲစား၊ တောင်သူများနှင့်တွေ့ဆုံ၍ ကိုဗစ်-၁၉ ကြောင့် ထိခိုက် နစ်နာမှုများအပေါ် နိုင်ငံတော်မှ စီစဉ်ပေးနေမှုအခြေအနေများ၊ ပြည်သူများမှ ပါဝင်ဆောင်ရွက်ပေးရန် လိုအပ်ချက်များနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့် အလားအလာများအပေါ် အမှာစကားပြောကြားပြီး ဒေသခံများ၏ မေးမြန်းမှုများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် ကျောက်တန်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာ၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်၏ ထောက်ပံ့မှုအရ ဆောင်ရွက်လျက်ရှိသော တောင်သူ ဦးသိန်းဝင်း၏ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း၏ စိုက်ပျိုးထုတ်လုပ်အောင်မြင်မှုများအား ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)