နေပြည်တော် ၁၈ စက်တင်ဘာ
ဝါသီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဝါသီးနှံသည် ပြည်တွင်းတွင် ရက်ကန်းလုပ်ငန်းများဖြင့် ဆက်စပ်၍ ချည်ထုတ်လုပ်မှုများရှိကြသကဲ့သို့ အမျိုးသားပို့ကုန် မဟာဗျူဟာတွင် အထည်အလိပ်ကဏ္ဍသည် ဦးစားပေးကဏ္ဍတစ်ခုအဖြစ် ပါဝင်ပါကြောင်းနှင့် ဝါထုတ်လုပ်မှုတိုးတက်ရေးနှင့် တန်ဖိုးမြှင့်ကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရန်လည်း လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံ၏စီးပွားရေးတွင် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူဆောင်ရွက်နေရသဖြင့် ပြည်ပတင်ပို့မှုများအပြင် ပြည်တွင်းသို့ တင်သွင်းမှုနှင့် ပြည်တွင်းတွင် ချည်ခင်ပိုမိုထုတ်လုပ်နိုင်ရေး၊ အရည်အသွေးကောင်းသည့် ချည်မျှင်များနှင့် အထည်အလိပ်များထုတ်လုပ်နိုင်ရေး၊ စက်ရုံများဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပူးပေါင်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ပြည်ပတင်ပို့မှုတိုးတက်ရေးနှင့်အတူ ပြည်ပမှတင်သွင်းရသော ချည်ခင်များနေရာတွင် ပြည်တွင်းထုတ်ချည်ခင်များကို သွင်းကုန်အစားထိုးထုတ်လုပ်နိုင်ရေးတို့ကို ရည်ရွယ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ တိုးတက်ရေးနှင့် ပြည်ပသို့တင်ပို့ခြင်းနှင့် တင်သွင်းသည့်ကိစ္စရပ်များ၊ ပြည်တွင်းကုန်သွယ်ရေး အခြေအနေများ၊ ပို့ကုန်မြှင့်တင်ရေးနှင့် ပြည်တွင်းထုတ်ကုန်များဖြင့် ပြည်ပတင်သွင်းမှုကို အစားထိုးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ပညာရှင်များက စာတမ်းငယ်များဖြင့် ရှင်းလင်းဖတ်ကြားခဲ့သည်။
ဆက်လက်၍ ဝါသီးနှံကဏ္ဍ၏ တန်ဖိုးကွင်းဆက် တစ်လျှောက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချည်မျှင်ထုတ်လုပ်မှုများ ဖွံ့ဖြိးတိုးတက်ရေးအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ဝါနှင့်ဝါထွက်ပစ္စည်း ကုန်သည်များနှင့် ကုန်ထုတ်လုပ်ငန်းရှင်များအသင်း၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ဝါစိုက်တောင်သူများ၊ ချည်မျှင်စက်ရုံများ၊ ရက်ကန်းလုပ်ငန်းရှင်များ၏ ကိုယ်စားလှယ်များက ၎င်းတို့ကြုံတွေ့ရသည့် အခြေအနေများနှင့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ ငွေကြေးအရင်းအနှီးရရှိရေး၊ အရည်အသွေးကောင်းမွန်သော ချည်ခင်များရရှိရေး၊ ပြည်တွင်း ချည်မျှင်စက်ရုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ပမှတင်သွင်းလာသည့် ချည်မျှင်များနှင့် ယှဉ်ပြိုင်နိုင်ရေးနှင့် ဝါသီးနှံကဏ္ဍ တန်ဖိုးကွင်းဆက် တစ်လျှောက်လုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသာချက်၊ အားနည်းချက်များ၊ စိန်ခေါ်မှုများနှင့် အလားအလာများကို ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဝါနှင့် ဝါထွက်ပစ္စည်းကုန်သည်များနှင့် ကုန်ထုတ်လုပ်ငန်းရှင်များအသင်း၊ ချည်မျှင်စက်ရုံများ၊ ရက်ကန်းလုပ်ငန်းရှင်များ၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကုန်သွယ်မှုဗဟိုဌာနမှ တာဝန်ခံများ၊ ဝါစိုက်တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


