နေပြည်တော် ၆ ဇွန်
ပညာရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဌာနအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းဖွဲ့စည်းမည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်အဝေးခန်းမ၌ ကျင်းပသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က မိမိတို့ဝန်ကြီးဌာနသို့ လွှဲပြောင်းရောက်ရှိလာမည့် မူပိုင်ခွင့်ဌာနမှ တာဝန်ရှိသူများအား နွေးထွေးစွာကြိုဆိုပါကြောင်း၊ မိမိတို့အနေဖြင့် အသစ်ရောက်ရှိလာမည့် မူပိုင်ခွင့်ဌာနနှင့် စပ်လျဉ်း၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် အဆင်ပြေ ချောမွေ့စွာ လွှဲပြောင်း နိုင်ရေးအတွက် နှစ်ဘက်ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ မူပိုင်ခွင့်ဌာနအား အဆင်ပြေစွာ လွှဲပြောင်း/ လက်ခံပေး နိုင်ရေးအတွက် လွှဲပြောင်းမှုကာလအတွင်း လိုအပ်ချက်များကို နှစ်ဦးနှစ်ဘက် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက မူပိုင်ခွင့် ဌာနအား အမြန်ဆုံး လွှဲပြောင်းဖွဲ့စည်းနိုင်ရေးအတွက် အချိန်ဇယား သတ်မှတ်ဆောင်ရွက်ရန် လိုပါ ကြောင်း၊ လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်း အစီအမံများ ရေးဆွဲထားရန် လိုပါကြောင်း၊ လိုအပ်သော နည်းပညာအထောက်အပံ့များ ရရှိရေး အတွက် ပြည်ပအဖွဲ့အစည်းများ နှင့် ချိတ်ဆက်ဆောင်ရွက်ရန်လိုပါကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက ပညာရေးဝန်ကြီး လက်အောက်ရှိ မူပိုင်ခွင့်ဌာနအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အောက်သို့ လွှဲပြောင်းဖွဲ့စည်းရာတွင် အဆင်ပြေချောမွေ့စွာ လွှဲပြောင်းနိုင်ရေးအတွက် ဝန်ကြီးဌာန များမှ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွဲရေး ဆိုင်ရာများ၊ မူပိုင်ခွင့် ဦးစီးဌာနရုံး ဖွင့်လှစ်မည့်အခြေအနေနှင့် လက်ရှိဆောင်ရွက်နေမှု အခြေအနေများ၊ အသစ် ထွက်ပေါ်လာမည့် မူပိုင်ခွင့်ဦးစီးဌာနအသစ် ဖွဲ့စည်းရာတွင် လိုအပ်လာမည့် လူ့စွမ်းအား အရင်း အမြစ်ဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပညာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


