နေပြည်တော် ဇူလိုင် ၂၄

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့သို့ ရောက်ရှိပြီး ရွှေစံအိမ်ဟိုတယ်၌ ပြင်ဦးလွင် စစ်တက္ကသိုလ် စာပေညွှန်ကြားရေးမှူးနှင့် အရာရှိကြီးများ၊ ပြင်ဦးလွင်ဟိုတယ်ဇုံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ပြင်ဦးလွင်မြို့တွင် ရုရှားဘာသာစကားသင်တန်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရုရှားခရီးသွားဧည့်သည်များ လာရောက်ရာတွင် ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်အတွက် ဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ အရာထမ်း/အမှုထမ်းများ၊ ဟိုတယ်နှင့် ခရီးသွားနယ်ပယ်မှ ဝန်ဆောင်မှုပေးနေသော ဝန်ထမ်းများအတွက် ရုရှားဘာသာစကားသင်တန်းကို ဖွင့်လှစ်သင်ကြားပေးနိုင်ရေးနှင့် ဝန်ကြီးဌာနမှ ရုရှားဘာသာဖြင့် ရေးဆွဲထုတ်ပြန်ထားသော ခရီးသွားလုပ်ငန်း ဝက်ဘ်ဆိုက် www.tourism.gov.mm ကို ပြန်လည်စိစစ်တည်းဖြတ်ကာ မြှင့်တင်ကြော်ငြာနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးနှင့် ပြင်ဦးလွင်မြို့ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြင်ဦးလွင်ဟိုတယ်ဇုံဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်များနှင့် တွေ့ဆုံကာ ခရီးသွားလုပ်ငန်း နယ်ပယ်အတွက် ရှရှားခရီးသွားဈေးကွက် ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းကောင်းများ ရှိလာပြီဖြစ်ကြောင်း၊ ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရန်နှင့် အဆင်သင့်ဖြစ်နေစေရန် မိမိတို့ဘက်မှ ကြိုတင်ပြင်ဆင်ရမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် ရုရှားဘာသာစကား သင်တန်းကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြင်ဦးလွင်ရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ အတွက် စစ်တက္ကသိုလ်မှ ကူညီဆောင်ရွက်ပေးမည့် ရုရှားဘာသာစကား သင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်သင်ကြားနိုင်ရန် အစိုးရ၊ ပုဂ္ဂလိကနှင့်နယ်မြေခံလူထုတို့ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

mdn

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နန်းထိုက်သူဟိုတယ်၌ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြင်ဦးလွင်ဟိုတယ်ဇုန် ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံမှုနှင့် ဗီဇာကင်းလွတ်ခွင့်ကို ပေးအပ်ထားခြင်းကြောင့် လာမည့်ပွင့်လင်းရာသီတွင် ရုရှားခရီးသွားများကို လက်ခံကာ ဝန်ဆောင်မှုပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ ဟိုတယ်နှင့် ခရီးသွားနယ်ပယ်ရှိ ဝန်ထမ်းများအနေဖြင့် ရုရှားဘာသာစကားကို လေ့လာသင်ယူထားရန် လိုအပ်ကြောင်း၊ ရေနွေးငွေ့စက်ခေါင်းသုံး မီးရထားခရီးစဉ်ကို အောင်မြင်စွာ ဆက်လက်အကောင်အထည်ဖော်နိုင်ရန်အတွက် ဈေးကွက်မြှင့်တင် ကြော်ငြာခြင်းများကို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအသင်းအဖွဲ့များမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့သို့ရောက်ရှိပြီး Pullman Hotel ၌ မန္တလေး နိုင်ငံခြားဘာသာစကား တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာဆရာမများ၊ မန္တလာ တက္ကသိုလ် ပါမောက္ခချုပ်နှင့် ခရီးသွားပညာဌာနမှ ဆရာဆရာမများနှင့် တွေ့ဆုံပြီး မန္တလေးမြို့တွင် ရုရှားဘာသာစကားသင်တန်း ဖွင့်လှစ်သင်ကြားနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးပြော ကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Pullman Hotel Grand Ball Room ၌ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မန္တလေးဇုန် ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့်အလုပ်အမှုဆောင်များ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ကိုဗစ်-၁၉ ကပ်ရောဂါ မျိုးရိုးဗီဇကွဲအသစ်များ ပေါ်ပေါက်လျက်ရှိကြောင်း၊ ခရီးသွား ဧည့်သည်များအတွက်သာမက ဝန်ဆောင်မှုပေးနေသော ဝန်ထမ်းများနှင့် ဒေသခံများ၏ ဘေးကင်းလုံခြုံရေးအတွက်ပါ ဂရုပြုဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Health & Safety Protocol များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနမှ ဧည့်စာရင်း စီမံခန့်ခွဲမှုစနစ် Guest List Management System (GLMS) ကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ ဟိုတယ်၊ တည်းခိုရိပ်သာများအနေဖြင့် အပြည့်အဝ လိုက်ပါဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

 

သတင်းစဉ်