နေပြည်တော် ၃ နိုဝင်ဘာ
လူငယ်ခေါင်းဆောင်များဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့် ညီလာခံကို ယနေ့မွန်းလွဲပိုင်းက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသည့် ဗီယက်နမ်နိုင်ငံက ဦးဆောင်၍ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အဆိုပါ ညီလာခံသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်၊ အာဆီယံနိုင်ငံအသီးသီးမှ လူငယ်များ၏ အရေးကိစ္စကို ဆောင်ရွက်လျက်ရှိသော ဝန်ကြီးများနှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။
ညီလာခံ၌ ဗီယက်နမ်နိုင်ငံ လူငယ်ရေးရာဆိုင်ရာအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဝန်ကြီး Mr. Nguyen Anh Tuan နှင့် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Mr. Dato Lim Jock Hoi တို့က အဖွင့်အမှာစကား ပြောကြား၍ ဖွင့်လှစ်ပေးပြီး အာဆီယံနိုင်ငံအသီးသီးမှ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ အမှာစကားပြောကြား ကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံအနေဖြင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု များကို ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် လူငယ်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ အထူးအလေးပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် မိမိတို့အစိုးရတက်ရောက်လာသည့် ၂၀၁၆ ခုနှစ်မှစတင်၍ လူငယ်ရေးရာမူဝါဒရေးဆွဲရေးကို ဦးစားပေးအနေဖြင့် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ လူငယ်ရေးရာမူဝါဒကို လူငယ် ကိုယ်စားလှယ်များ၏ အဓိကပါဝင်မှုဖြင့်ရေးဆွဲခဲ့ကြရာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ(၈)ရက်တွင် ပြည်ထောင်စုအစိုးရ အဖွဲ့က အတည်ပြုနိုင်ခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ (၅) ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် မိတ်ဆက်ဖြန့်ချိပေးခဲ့ပြီး လူငယ်များနှင့်ပတ်သက်၍ အစိုးရအဖွဲ့၏ အလေးအနက်ထားမှုကို ပြသခဲ့ပါကြောင်း၊ အဆိုပါမူဝါဒကို စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မဟာဗျူဟာစီမံချက်ကို ရေးဆွဲ အတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ လူငယ်များသည် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ လုပ်ငန်းများတွင်လည်း တက်ကြွစွာပါဝင်ဆောင်ရွက် လျက်ရှိကြပါကြောင်း၊ နိုင်ငံတော်အနေဖြင့် လူငယ်များအပါအဝင် စေတနာ့ဝန်ထမ်း များ၏ ဆောင်ရွက်မှုများကို အားပေးကူညီနိုင်ရန်နှင့် လိုအပ်သည့်ပံ့ပိုးကူညီမှုများ ပြုလုပ်နိုင်ရန် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ကို ဖွဲ့စည်း၍ စေတနာ့ဝန်ထမ်းများအတွက် ကူညီပံ့ပိုးမှုများ၊ လိုအပ်သော သင်တန်း များ၊ လက်စွဲစာအုပ်များအပြင် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများကို အသိအမှတ်ပြု ဂုဏ်ပြုခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်ပြောင်းလဲရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး စသည့် အနာဂတ်အတွက် အရေးပါသည့် လုပ်ငန်းစဉ်များတွင် လူငယ်များစိတ်ဝင်တစား ပါဝင်ဆောင်ရွက်ခွင့် ရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် စိန်ခေါ်မှုများရင်ဆိုင်နေကြရာ တီထွင်ဖန်တီးမှုများ၊ ဆန်းသစ်သောအကြံဉာဏ်များနှင့် နည်းပညာအပေါ် မှီခိုအားထားရမှုများပိုမို လိုအပ်လာရာ လူငယ်များ၏ အခန်းကဏ္ဍမှာ ပိုမို၍အရေးပါလာပါကြောင်း။
မြန်မာနိုင်ငံတွင် ဒေသအသီးသီး၌ လူငယ်ကွန်ရက်များ ဖွဲ့စည်းထားပြီးဖြစ်ရာ မြန်မာလူငယ်များအနေဖြင့် အာဆီယံ နိုင်ငံအသီးသီးမှ လူငယ်များနှင့် ကူးလူးဆက်သွယ်၍ ဒေသအရေး၊ အာဆီယံအရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ရန် အသင့်ရှိနေကြပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအသင်း(မြန်မာ)ကို ၂၀၁၉ ခုနှစ်က ဖွဲ့စည်းထားပြီး ယင်းအသင်းတွင် လူငယ်ကိုယ်စားလှယ်(၂)ဦးက အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများအဖြစ် ဆောင်ရွက် သွားမည်ဖြစ်ပြီး အာဆီယံလူငယ်ဆိုင်ရာ အတွေ့အကြုံဖလှယ်ပွဲများ၊ စွန့်ဦးတီထွင်မှု အစီအစဉ်များနှင့် ပြပွဲများကို အာဆီယံနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ကိုဆက်လက်၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သလို အာဆီယံလူငယ်ကွန်ရက်များ ပိုမိုအားကောင်းစွာ ဆောင်ရွက်နိုင်ရေးကိုလည်း အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ညီလာခံကိုဆက်လက်ကျင်းပခဲ့ပြီး အာဆီယံနိုင်ငံများမှ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ အာဆီယံလူငယ်ရေးရာဝန်ကြီးများ၏ ပူးတွဲကြေညာချက်ကို အတည်ပြုပြဌာန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်