နေပြည်တော် ၂၃ ဩဂုတ်
အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှုသက်သာရေး စီမံချက်အရ ထိခိုက်လွယ်အုပ်စုများအား ငွေကြေးအကူအညီပေးခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ထောက်ပံ့ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး ညွှန်ကြားချက်များနှင့်အညီ ပြုလုပ်သည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်ဆေး၊ ညွှန်ကြားရေးမှူးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကျောက်တံခါးမြို့နယ် စီမံကိန်းဦးစီးရုံး အစည်းအဝေးခန်းမ၌ မသန်စွမ်းသူများ၊ ရပ်မိရပ်ဖများ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှုသက်သာရေး အစီအစဉ် (CERP) အရ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ ထောက်ပံ့ ခြင်းကို မိမိတို့ဝန်ကြီးဌာနက တာဝန်ယူ၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာလ မပြီးသေးသည့် အတွက် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေး လုပ်ငန်းများကို အစိုးရက အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရ၏ ညွှန်ကြားချက်များ၊ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို ဂရုတစိုက် အလေးထား လိုက်နာကြရန် လိုအပ်ပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ကို ပုံမှန်ထောက်ပံ့ပေးပါကြောင်း၊ မသန်စွမ်းသူများအတွက်လည်း ကနဦးတစ်ကြိမ် ထောက်ပံ့ ပြီးဖြစ်ကြောင်း။
ယခုအခါ CERP အစီအစဉ်အရ အသက်(၈၀)နှင့် အထက် (၈၅)နှစ်အောက် ဘိုးဘွားများအား တစ်ကြိမ် ထောက်ပံ့မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း ထပ်မံရရှိသော စာရင်းများအရ မသန်စွမ်းသူများအား တစ်ကြိမ်ထောက်ပံ့မည်ဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော အသက်(၂) နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်းကို ပြည်နယ်နှင့် တိုင်းဒေသကြီး (၇) ခုတွင် ဆောင်ရွက်လျက်ရှိရာ ထိုအစီအစဉ်တွင် အကျုံးမဝင်သည့် ကိုယ်ဝန်ဆောင် မိခင်များအတွက် "ငွေဗိုက်" application ဖြင့် စာရင်းကောက်ယူပြီး ထောက်ပံ့မှု တစ်ကြိမ်ပေးမည်ဖြစ်ကြောင်း၊ လူသားစွမ်းရည် အရင်းအမြစ်ကောင်းများ ပေါ်ထွက်လာရေး ရည်ရွယ်၍ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းဖြင့် မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုစီမံချက်အရ ညောင်းလေးပင်မြို့နယ်နှင့် ကျောက်တံခါးမြို့နယ်အတွင်းရှိ အသက်(၃)နှစ်အောက် ကလေးငယ်များ ပုံမှန်ဖွံ့ဖြိုးမှု ရှိ၊ မရှိ ဆန်းစစ်ခြင်းနှင့် မသန်စွမ်းမှု ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းကို ဝန်ကြီးဌာန၏ ဘာသာရပ်ကျွမ်းကျင် ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာအရောက် အဖွဲ့ဖြင့် လိုက်လံဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ ဆန်းစစ်မှုများအရ အချိန်မီ ပြုစုကုသရန်လိုအပ်သော ကလေးငယ်များအား သက်ဆိုင်ရာ ကျန်းမာရေးဌာနများသို့ ချိတ်ဆက်ညွှန်းပို့ပေးမည်ဖြစ်ကြောင်းနှင့် ပူးပေါင်းပါဝင် ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျောက်တံခါးမြို့နယ်အတွင်းရှိ မသန်စွမ်းသူ (၃၂၃) ဦး အတွက် တစ်ဦးလျှင် ငွေကျပ်(၃) သောင်းနှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၉,၆၉၀,၀၀၀)၊ ကျောက်တံခါးမြို့နယ်၊ ကျေးရိုးကျေးရွာအုပ်စု၊ သူဌေးကုန်း - ကင်းရွာ - ရမ်းတိုလာ တံတားလမ်း၊ ဂဝံလမ်းခင်းခြင်း ဆောင်ရွက်ရန်အတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ထောက်ပံ့ငွေကျပ် (၅၆ ဒသမ ၃၉) သန်း၊ ဖြူးစုကျေးရွာ အုပ်စုအတွင်း ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသော ကျန်စစ်သား-ခလောင်လမ်း ပြုပြင်ရန် အတွက်ငွေ ကျပ် (၁၀) သိန်း၊ သူဌေးကုန်း - ဟာရီဘန်း ကျေးရွာချင်းဆက်လမ်း ပြုပြင်ရန်အတွက် ငွေကျပ်သိန်း(၅၀) တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ ပေးအပ်သည်။
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကျောက်တံခါးမြို့နယ်နှင့် ညောင်လေးပင်မြို့နယ်တို့တွင် ဆောင်ရွက်မည့် အသက်(၃)နှစ်အောက် ကလေးများ ပုံမှန်ဖွံ့ဖြိုးမှု ဆန်းစစ်ခြင်းနှင့် မသန်စွမ်းဖြစ်မှု ကြိုတင်ကာကွယ်ရေး စီမံကိန်းအကြောင်းကို ရှင်းလင်းပြောကြား သည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းတံခါးမြို့၊ မြို့ပေါ်ရပ်ကွက်အတွင်း၌ အသက် (၈၀)နှင့်အထက် (၈၅) နှစ်အောက် ဘိုးဘွားများ နေအိမ်သို့ သွားရောက်၍ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး အစီအစဉ်အရ ဘိုးဘွား (၁၅) ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀) ကို ဂါရဝပြု ပေးအပ်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်လေးပင်မြို့နယ်၊ ရွှေကျင်နိကာရ တောရကျောင်း၊ ပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိပြီး ဆရာတော်အား ဖူးမြှော်ကြည်ညို၍ ဝါဆိုသင်္ကန်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးအစီအစဉ်အရ ညောင်လေးပင်မြို့နယ်အတွင်းရှိ မသန်စွမ်းသူ (၁၉၅၆) ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၅၈,၆၈၀,၀၀၀) တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူ များထံပေးအပ်ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်လေးပင်မြို့၊ မြို့ပေါ်ရပ်ကွက် အတွင်း၌ အသက် (၈၀)နှင့်အထက် (၈၅) နှစ်အောက် ဘိုးဘွားများ နေအိမ်သို့ သွားရောက်ပြီး ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး အစီအစဉ်အရ ဘိုးဘွား (၁၅) ဦးကို တစ်ဦးလျှင် ထောက်ပံ့ ငွေကျပ် (၃၀၀၀၀) ကို ဂါရဝပြု ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


