နေပြည်တော် ၁၄ ဇူလိုင်

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ညနေပိုင်းက ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် တီးတိန်မြို့တွင် လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

ညှိနှိုင်းဆွေးနွေးရာတွင် တီးတိန်မြို့နယ်အတွင်း ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော လူမှုရေးပင်စင်၊ မသန်စွမ်းထောက်ပံ့မှုများ၊ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးတွင် အစိုးရ၊ ကိုယ်ထူကိုယ်ထနှင့်  ပုဂ္ဂလိကမူကြိုများ ဖွင့်လှစ်ဆောင်ရွက်ရာတွင် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အကောင်အထည်ဖော်မည့်ကိစ္စ၊ ချင်းပြည်နယ်အတွင်း ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် ရှာဖွေကယ်ဆယ်ပစ္စည်းများ စုဆောင်းထားရှိမှုများ၊ မြေပြိုဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးရေးနှင့် ပံ့ပိုးကူညီရန်ကိစ္စ၊ တီးတိန်မြို့တွင် ဘက်စုံသုံး ဘေးဒဏ်ခံအဆောက်အဦ လိုအပ်မှုနှင့် ဆောက်လုပ်ရန် မြေနေရာသတ်မှတ်ထားရှိမှုတို့ကို တင်ပြဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

 

ထို့နောက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများကို ရိခေါဒါနှင့် ကျီခါးမြို့တို့တွင် တရားဝင်ပြန်လည်လက်ခံရေးဌာန (၂)ခုထားရှိ ဆောင်ရွက်နေမှု၊ တရားမဝင် ဝင်ရောက်လာသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေမှု၊ ကြုံတွေ့ရသော အခက်အခဲများ၊ လိုအပ်ချက်များနှင့် တီးတိန်ပြည်သူ့ဆေးရုံတွင် ပိုးတွေ့ကလေးငယ်တစ်ဦးအား လက်ခံပြုစုစောင့်ရှောက်ပေးနေမှုများကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်