နေပြည်တော်  ၂၂   ဩဂုတ် 


နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်းရှိ ထိခိုက်လွယ်အုပ်စုများတွင် အကျုံးဝင်သည့် အသက်(၈၀)နှင့်အထက်၊ အသက်(၈၅)နှစ်အောက် ဘိုးဘွားများနှင့် မသန်စွမ်းသူများအား ငွေကြေးအကူအညီ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်သည်။


အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဘိုးဘွားများ၏ နေအိမ်များသို့ သွားရောက်ကာ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ တစ်ဦးလျှင် ထောက်ပံ့ ငွေကျပ် (၃)သောင်းကို ဘိုးဘွားများလက်ဝယ်အရောက် ပေးအပ်ကြသည်။


ထို့နောက် ဥတ္တရသီရီမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ထိခိုက်လွယ်အုပ်စု များရှိသည့် အိမ်ထောင်စုများတွင် အခက်အခဲများ ပိုမိုကြုံတွေ့ရမည်ကို သိရှိစာနာပါကြောင်း၊ အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွား နေသည့် ကာလအတွင်း စီးပွားရေးထိခိုက်မှုများ၊ အလုပ်အကိုင်အခက်အခဲများနှင့် စားဝတ်နေရေး အခက်အခဲများကို လျော့နည်းသက်သာစေရန် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ထိုအစီအစဉ်အရ ထိခိုက်လွယ်အုပ်စုများတွင် အကျုံးဝင်သည့် နေပြည်တော်အတွင်းရှိ အသက်(၈၀)နှစ်နှင့်အထက်၊ အသက်(၈၅)နှစ်အောက် ဘိုးဘွားများအတွက်  ငွေကြေးအကူအညီ တစ်ကြိမ် ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများကို လူမှုရေးပင်စင်အဖြစ် အစိုးရက ပုံမှန် ထောက်ပံ့လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများအတွက်လည်း အစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် တစ်ကြိမ်ထောက်ပံ့ပြီးဖြစ်ကြောင်း၊ ယခု ကိုဗစ်-၁၉ ကာလအတွင်းမှာ ထပ်မံ ရရှိသော မသန်စွမ်း စာရင်းများအရ တစ်ကြိမ်ထောက်ပံ့မှာဖြစ်ကြောင်း၊ အကျိုးခံစားခွင့်ရှိသူများ လက်ဝယ်အရောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ဝန်ကြီးဌာနတာဝန်ရှိသူများက ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


 ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဥတ္တရသီရီမြို့နယ်အတွင်းရှိ မသန်စွမ်းသူ (၆၆)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၃)သောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁,၉၈၀,၀၀၀ ကို မြို့နယ်အုပ်ချုပ်ရေးမှူးထံ ပေးအပ်ရာ နေပြည်တော်ကောင်စီဝင် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ခြုံကြီးကျေးရွာရှိ ဘိုးဘွားများနေအိမ်များသို့ သွားရောက်ပြီး ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်သည်။ 


ထို့နောက် ခြုံကြီး ဘုန်းတော်ကြီးကျောင်း၌ ဆရာတော်အား ဖူးမြော်ကြည်ညို၍ ဝါဆိုသင်္ကန်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် တပ်ကုန်းမြို့နယ်အတွင်းရှိ မသန်စွမ်းသူ (၂၇၄)ဦးအတွက် စုစုပေါင်းငွေကျပ် ၈,၂၂၀,၀၀၀  ကို အုပ်ချုပ်ရေးမှူးထံ ပေးအပ်သည်။


ထို့နောက် ပျဉ်းမနားမြို့နယ်၊ ဥယျာဉ်စုကျေးရွာရှိ ဘိုးဘွားများကို နေအိမ်များတွင် ထောက်ပံ့ငွေများ ပေးအပ်ပြီး ဥယျာဉ်စုဘုန်းတော်ကြီးကျောင်းတွင် မသန်စွမ်းသူ(၁,၁၅၄)ဦးအတွက် စုစုပေါင်း ထောက်ပံ့ ငွေကျပ် ၃၄,၆၂၀,၀၀၀  ကို ပေးအပ်သည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် အောင်သုခကျေးရွာရှိ ဘိုးဘွားများ နေအိမ်များ၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြပြီး ကျေးရွာဓမ္မာရုံတွင် မသန်စွမ်းသူ (၄၃၄) ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၃,၀၂၀,၀၀၀ (ကျပ်တစ်ရာ့ သုံးဆယ်သိန်း နှစ်သောင်းတိတိ) ကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများထံ ပေးအပ်သည်။


ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ယနေ့လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေး ဦးစီးဌာနတို့က အသက်(၈၀)နှင့်အထက်၊အသက်(၈၅)နှစ်အောက် ဘိုးဘွား(၄၀) အတွက် ထောက်ပံ့ငွေကျပ် ၁,၂၀၀,၀၀၀ နှင့် နေပြည်တော်အတွင်းရှိ ဥတ္တရသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့ရှိ မသန်စွမ်းသူ စုစုပေါင်း (၁,၉၂၈)ဦးအတွက် ငွေကျပ် ၅၇,၈၄၀,၀၀၀ ကို ထောက်ပံ့ ပေးအပ်သည်။


နေပြည်တော်အတွင်း၌ အသက်(၈၀)နှင့်အထက်၊ အသက်(၈၅)နှစ်အောက် ဘိုးဘွား (၆,၁၃၅)ဦး ရှိရာ ငွေကြေးအကူအညီပေးရန် ကျန်ရှိသည့် ဘိုးဘွားများနှင့် မြို့နယ်(၄) မြို့နယ်ရှိ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်