နေပြည်တော် ၁  ဒီဇင်ဘာ

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မူလတန်းကြိုကျောင်းများ ယာယီပိတ်ထားသော ကာလအတွင်း မူကြိုအရွယ် ကလေးငယ်များ ဖွံ့ဖြိုးမှုနောက်ကျ မကျန်ရစ်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက Virtual Meeting ပုံစံဖြင့် ကျင်းပသည်။ 

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ဦးစီးမှူးများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာနမှ နည်းပြများ တက်ရောက်ခဲ့ကြသည်။ 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပြောင်းလဲလျက်ရှိသည့် ဖြစ်စဉ်တစ်ခုဖြစ်ရာ မှန်ကန်သောနည်းလမ်းများဖြင့် ပြုစုစောင့်ရှောက်ကာကွယ်မှုလိုအပ်ကြောင်း၊ ယခု ကိုဗစ်-၁၉ ကာလတွင် မူလတန်းကြိုကျောင်းများ ယာယီပိတ်ထားရသောကြောင့် မူကြိုကလေးငယ်များအတွက် ဖွံ့ဖြိုး တိုးတက်မှုအရှိန်မပျက်ရရှိစေရန် ဆောင်ရွက်ပေးနိုင်ရေးနည်းလမ်းများ ရှာဖွေအကောင်အထည်ဖော်ရန် လိုအပ် ကြောင်း၊ ကလေးငယ်များအတွက်အချိန်ကို စောင့်ဆိုင်းနေ၍မရကြောင်း၊ ကိုဗစ်-၁၉ ကာလသည် မည်သည့် အချိန်တွင် ပြီးဆုံးမည်ကို မသိနိုင်သေးကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများက ကိုဗစ်-၁၉ နှင့်ယှဉ်တွဲ၍ ဆောင်ရွက်နေကြသည် ကိုလည်း တွေ့ရှိရကြောင်း၊ ပုံစံသစ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်၍ စနစ်တကျ စီမံချက် ချမှတ်ပြီး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များအားလုံး ဟန်ချက်ညီညီ တပြိုင်နက်တည်း ရရှိနိုင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လူမှု၀န်ထမ်းဦးစီးဌာနက  ဆောင်ရွက်ရန် တာ၀န်ရှိ သည့်ကဏ္ဍဖြစ်၍ ကိုဗစ်-၁၉ စိန်ခေါ်မှုများကို ရင်ဆိုင်လျက် ဆန်းသစ်တီထွင်မှုများ၊ လိုက်လျောညီထွေ ဆောင်ရွက်ထားရှိမှုများ၊ တွေ့ကြုံရသော အခက်အခဲများ၊ ဆက်စပ်အဖွဲ့အစည်းများ၊ မိဘများ မိသားစု၀င်များနှင့် ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက ရှေးဦးအရွယ်ကလေးသူငယ်ဆိုင်ရာ ပြုစုပျိုးထောင်ရေးနှင့် ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းစဉ်များတွင် ကလေးငယ်များအတွက်  ကိုဗစ်-၁၉ ကာလ သင်ကြားလေ့ကျင့်ပြုစု ကာကွယ်စောင့်ရှောက်မှုများကို Social Media၊ ရုပ်မြင်သံကြား၊ FM ရေဒီယိုများ၊ Online Meeting များ စသည့် နည်းလမ်းပုံစံအသစ်များဖြင့် ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်မည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြရာ ဒုတိယ၀န်ကြီးဦးစိုးအောင်၊ အမြဲတမ်းအတွင်း၀န် ဒေါက်တာကိုကိုနိုင်၊ လူမှု၀န်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးတို့က ပြန်လည်ဆွေးနွေးရာ လက်တွေ့ အကောင်အထည်ဖော်နိုင်မည့် စီမံချက်များကို ရွေးချယ်ပြီး Facebook Page များ၊ Web Page များမှ ကလေးငယ်များ၊ မိဘများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း Video Clip များ ရိုက်ကူးထုတ်လွှင့်ခြင်း၊ TV ရေဒီယို အစီအဉ်များဖြင့် ဆောင်ရွက်ခြင်း၊  မိဘများအတွက် ပညာပေးခြင်း၊ ဆရာ၊ ဆရာမများအတွက် ပုံစံသစ်ဖြင့် သင်ကြားမှုဆိုင်ရာ သင်တန်းပေးခြင်းများကို Online ဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည့်ကိစ္စများကို ပြန်လည် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စု၀န်ကြီးက နိဂုံးချုပ်စကားပြောကြားရာတွင် မိမိတို့၏ ဆောင်ရွက်သည့် စီမံချက်များတွင် တိုင်းရင်းသားဒေသများရှိ ကလေးသူငယ်များအတွက် သက်ဆိုင်ရာ ဘာသာစကား အသုံးပြုမှုများကို အလေးထား ရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ နှင့် ယှဉ်တွဲ၍ မိဘများနှင့် မိသားစု၀င်များ၏ ပူးပေါင်းပါ၀င်မှုသာမက ကလေးများ ကိုယ်တိုင် ပါ၀င်မှုဖြင့် ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်သွားကြစေ လိုကြောင်းပြောကြားသည်။

သတင်းစဉ်