မြစ်ကြီးနား ၁၃ ဩဂုတ် 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ကချင်ပြည်နယ်အတွင်း ပြည်ထောင်စုသဘောတူစာချုပ်ပါ လူမှုရေးကဏ္ဍအခြေခံမူ သဘောတူညီချက်များ အကောင်အထည်ဖော်မှုနှင့် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် (CERP) ဆိုင်ရာ ပံ့ပိုးကူညီမှုများ ဆောင်ရွက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာတွင် မိမိတို့ဒေသသို့ ပြန်လည်နေထိုင်လျက်ရှိသည့် နေရပ်စွန့်ခွာခဲ့ရသည့် မိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားပြီး လိုအပ်ချက်များကို မေးမြန်းသည်။

 

ယင်းနောက်  အခြေခံပညာ အလယ်တန်းကျောင်းနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲသို့ ရောက်ရှိပြီး ဌာနဆိုင်ရာများနှင့် လိုအပ်ချက်များကို ဆွေးနွေးကာ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်အရ အကောင်အထည်ဖော်မည့် စိုက်ပျိုးမြေဧက (၁၀၀) ဖော်ထုတ်မည့် မြေနေရာများကို ကြည့်ရှုသည်။

 

ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံပြီး ထောက်ပံ့မှုများ ဆောင်ရွက်သည်။ ကျေးရွာပြည်သူများနှင့်တွေ့ဆုံစဉ်  ပြည်ထောင်စုဝန်ကြီးက ပြည်သူ့အစိုးရအနေဖြင့် တာဝန်စတင်ယူချိန်ကတည်းက တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဖော်ဆောင်ခဲ့ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနက နေရပ်စွန့်ခွာရသူများကို ပံ့ပိုးကူညီမှုပေးခြင်း၊ စနစ်တကျ ပြန်လည်နေရာချထားနိုင်ရေးအတွက် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို ရေးဆွဲအတည်ပြုပြီး အကောင်အထည်ဖော်လျက်ရှိခြင်း၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်များကို ပံ့ပိုးကူညီမှုပေးခြင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချ၊ သုံးစွဲခြင်းများကို စနစ်တကျ တားဆီးကာကွယ်အရေးယူမှုများ ပြုလုပ်ခြင်း၊ ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ ပါဝင်မှုနှုန်းမြင့်မားအောင် ကြိုးပမ်းဆောင်ရွက်ခြင်း၊ လူတိုင်းလက် လှမ်းမီလွှမ်းခြုံနိုင်သော ပညာရေးစနစ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များကို ရေရှည်စီမံချက်များဖြင့် အကောင်အထည်ဖော်လျက်ရှိခြင်း၊ မသန်စွမ်းသူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအတွက် ဥပဒေများပြဌာန်း၍ အခွင့်အရေးများဖော် ဆောင်ပေးလျက်ရှိခြင်း၊ လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများဆောင်ရွက်ရာတွင် လူမှုသဟဇာတ သဘောတရားကို ထည့်သွင်းဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အလွဲသုံးမှု လျှော့ချရေး၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် စနစ်တကျစီမံချက်များဖြင့် ချမှတ်ဆောင်ရွက်လျက်ရှိခြင်း၊ ကလေးသူငယ်များအတွက် ကြီးလေးသော ချိုးဖောက်မှု ပပျောက်စေရေးဦးတည်သည့် စီမံချက်များကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် လက်ရှိ ကိုဗစ်-၁၉ ကာလတွင် အခက်အခဲများကြုံတွေ့နေရသော ပြည်သူများအတွက် အစိုးရက ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) ဆိုင်ရာ ပံ့ပိုးကူညီမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊  နေရပ်စွန့်ခွာရသူများအနေဖြင့် မိမိနေရပ်တွင် ပြန်လည်နေထိုင်ကြပြီး မိမိဒေသဖွံ့ဖြိုးရေးကို မိမိကိုယ်တိုင်ပါဝင် ဆောင်ရွက်ကြစေလိုကြောင်း၊ အစိုးရကလည်း အတတ်နိုင်ဆုံး ပံ့ပိုးကူညီမည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်ထောင်စုကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အထောက်အပံ့ပြုနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က ပံ့ပိုးကူညီဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးကြပြီး ကျေးရွာသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ဆက်လက်၍ နန်ဆန်ယန်ကျေးရွာရှိ အိမ်ထောင်စု (၉၈) စုအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ တစ်အိမ်ထောင်လျှင် ငွေကျပ် ၄၀,၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၃ ဒသမ ၉၂  သန်း၊ ကလေးပျော်နေရာ ဆောက်လုပ်နိုင်ရေးအတွက် ငွေကျပ် ၁၅ သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့က အိမ်ထောင်စုတစ်စုလျှင် ဆန် (၄) ပြည်နှုန်းဖြင့် စုစုပေါင်းဆန်အိတ် (၁၆) အိတ်တို့ကို ထောက်ပံ့ကြသည်။ 

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေထိုင်လျက်ရှိသည့် ဒဘတ်ယန်ကျေးရွာကို လှည့်လည်ကြည့်ရှုပြီး ကျေးရွာသားများအား အားပေးစကားပြောကြားသည်။ 

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ မလိခခန်းမတွင် ကချင်ပြည်နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ယွမ် (၄)သန်းအား ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ထံသို့ လွှဲပြောင်းပေးအပ်သည်။

 

ထို့အပြင် IDPs စခန်းများအတွက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် CERP အရ ထောက်ပံ့ငွေ တစ်အိမ်ထောင် ငွေကျပ် ၄၀,၀၀၀ နှုန်းဖြင့် အိမ်ထောင်စု (၈၈၄၀) အတွက် စုစုပေါင်းငွေကျပ် ၃၅၃ ဒသမ ၆ သန်း၊ ကချင်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေကျပ် ၂၀၃ ဒသမ ၆သန်း၊ IDP စခန်းများရှိ ဘိုးဘွားများ ထောက်ပံ့ငွေကျပ်သိန်း ၂၅၀ ၊ ၂၀၂၀ ပြည့်နှစ် စတုတ္ထ (၃) လပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် ၁၅၁ ဒသမ ၁ သန်းနှင့် ပြန်လည်နေရာချထားသည့် ကျေးရွာ (၂)ရွာအတွက် ကလေးပျော်နေရာ (၂)ခု တည်ဆောက်နိုင်ရေးအတွက် ငွေကျပ်သိန်း ၃၀ တို့အား ပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်