နေပြည်တော် ဇူလိုင် ၅ 
    

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Knut Ostby အဖွဲ့နှင့် အမျိုးသမီး အဖွဲ့အစည်းများဖြစ်သည့် ကျား၊ မတန်းတူညီမျှရေးကွန်ရက်ဥက္ကဋ္ဌ ဒေါ်စန္ဒာသန့်နှင့် မြန်မာအမျိုးသမီးများကွန်ရက်မှ ဒုတိယ ဥက္ကဋ္ဌ ဒေါ်ကေသီဝင်းတို့အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံသည်။

 

1


ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးနှင့် တွေ့ဆုံစဉ် IDP စခန်းများအား ပိတ်သိမ်းနိုင်ရေး ဆောင်ရွက်သွားမည့် အခြေအနေ၊ ကချင်ပြည်နယ်အတွင်းရှိ IDP စခန်းများတွင်လူမှုစီးပွားဘဝဆိုင်ရာ အချက်အလက်များ ကောက်ယူရေး၊ လူသားချင်း စာနာမှုဆိုင်ရာအကူအညီပေးရေးအတွက် လူငယ်လုပ်အားပေး အစီအစဉ်ဖြင့် ဆောင်ရွက်ရန် စီစဉ်နေမှု၊ သက်ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့်အခြေအနေ၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်ကြီးလေးသော ကျူးလွန်မှုများမှ တားဆီးကာကွယ်ရေးကော်မတီအနေဖြင့် ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပဆောင်ရွက်ခဲ့ပြီး နောက်လုပ်ငန်းကော်မတီဖွဲ့စည်း၍ လုပ်ငန်းစီမံချက် ရေးဆွဲဆောင်ရွက်နေမှုနှင့် Country Task Force on Monitoring and Reporting (CTFMR)နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

 

ဆက်လက်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေမူကြမ်း ရေးဆွဲရာတွင်ပါဝင်ခဲ့သော (PoVAW Joint Team ) နှင့်တွေ့ဆုံရာတွင်အမျိုသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေမှုကြမ်းရေးဆွဲနေမှုနှင့်စပ်လျဉ်းသည့် နောက်ဆုံးအခြေအနေများနှင့် ဥပဒေမူကြမ်းအပေါ် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများမှ ပေးအပ်ထားသော အကြံပြုချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရသည်။


သတင်းစဉ်