ရန်ကုန် ၁၆ ဩဂုတ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဩဂုတ် ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင် လူငယ်သင်တန်းကျောင်းသို့လည်းကောင်း၊ ဩဂုတ် ၁၅ ရက်တွင် မွန်ပြည်နယ် မော်လမြိုင် လူငယ်သင်တန်းကျောင်းသို့လည်းကောင်း သွားရောက်ကြည့်ရှုသည်။
သင်တန်းကျောင်းများသို့ ရောက်ရှိစဉ် သင်တန်းကျောင်းအုပ်များနှင့် တာဝန်ခံဆရာ၊ ဆရာမများက သင်တန်းကျောင်း၏ အဆောက်အဦအခြေအနေ၊ သင်တန်းကျောင်းတွင် လက်ခံစောင့်ရှောက်ထားသော ကလေးအမျိုးအစား၊ နေ့စဉ်အစားအသောက်ကျွေးမွေးမှု၊ သင်တန်းကျောင်းနေ လူငယ်များအတွက် နေ့စဉ်လုပ်ငန်းဆောင်ရွက်မှု၊ ကျောင်းပညာသင်ယူ နေသည့် ကလေးသူငယ်များအတွက် ပညာရေးဆောင်ရွက်ထားမှု၊ ကျန်းမာရေးစောင့်ရှောက် ပေးမှု၊ အားကစား၊ ဂီတနှင့် အသိပညာပေးခြင်း လုပ်ငန်းဆောင်ရွက်ထားမှု အခြေအနေများနှင့် တွေ့ကြုံရသော အခက်အခဲများကို တင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအရ သင်တန်းကျောင်းများတွင် ကာကွယ်စောင့်ရှောက်မှုပေးရန်နှင့် စာရိတ္တပြုပြင်ပေးရန် လိုအပ်သော ကလေးသူငယ်ဦးရေသည် များပြားလာခဲ့ပါကြောင်း၊ စီမံခန့်ခွဲမှု လုပ်ငန်းများကို ညွှန်ကြားချက်များ၊ သတ်မှတ်လုပ်ထုံးလုပ်နည်းများဖြင့် အကောင်အထည်ဖော်လျက် ရှိပါကြောင်း၊ ယခုထက် ပိုမိုစနစ်ကျစေရန် လူငယ်သင်တန်းကျောင်း လက်စွဲစာအုပ်ကို ရေးဆွဲဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လက်စွဲစာအုပ် ရေးဆွဲကြရာတွင် လက်တွေ့ကြုံတွေ့ရသည့် အခြေအနေများ၊ ရင်ဆိုင်ဖြေရှင်းနေရသည့် ပြဿနာများအပေါ်အခြေခံ၍ ဆရာ၊ ဆရာများနှင့် ဝန်ထမ်းများ၏ တာဝန်ဝတ္တရားများအလိုက် ဆောင်ရွက်ရမည့် အသေးစိတ် လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးပြီး ထည့်သွင်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊
လူငယ်သင်တန်းကျောင်းသို့ ရောက်ရှိလာကြသည့် လူငယ်များထဲတွင် မူးယစ်ဆေးဝါးသုံးစွဲ မှုနှင့် ခိုးမှု၊ လုယက်မှု အများဆုံးဖြစ်ပြီး ယင်းအမှုများကို ကျူးလွန်ရခြင်း၏ အခြေခံ အကြောင်းရင်းများစွာ ရှိမည်ဖြစ်ပါကြောင်း၊ မိဘမဲ့ဖြစ်ခြင်း၊ မိဘအုပ်ထိန်းမှုမခံရခြင်း၊ မိသားစုပြဿနာရှိခြင်း၊ ဆင်းရဲခြင်း၊ မိသားစုနှင့် ကင်းကွာလာခြင်းနှင့် မူးယစ်ဆေးဝါး သားကောင်ဖြစ်လာခြင်းများသည် အဓိကအကြောင်းရင်းများဖြစ်ပြီး ထိုအခြေအနေများကြောင့် ပြစ်မှုများကျူးလွန်ခြင်း ဖြစ်ပါကြောင်း၊ ကိုယ်လက်လှုပ်ရှား အားကစားများ ပြုလုပ်စေခြင်း၊ ဂီတအနုပညာတွင် မွေ့လျော်စေခြင်း၊ သတင်းစာများ၊ စာစောင်များဖတ်ရှုစေခြင်းဖြင့် ခေတ်ကာလအခြေအနေများကို သိရှိနားလည်စေခြင်း၊ လူငယ်များကို ပြုပြင်ပြောင်းလဲရာတွင် လူငယ်အချင်းချင်းက ထိရောက်စွာ စည်းရုံးဆောင်ရွက်ခြင်း၊ သင်တန်းကျောင်းများတွင်လည်း ဝန်ထမ်းအင်အား နည်းပါးသည့်အတွက် လူငယ့်ရေးရာကော်မတီဝင် လူငယ်များ၏ ဆန္ဒအရ ပူးပေါင်းကူညီမှု ရယူခြင်းတို့ကို ပြုလုပ်သင့်ပါကြောင်း ပြောကြားသည်။
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းဥပဒေများအရ ကာကွယ်စောင့်ရှောက်မှု လိုအပ်သော ကလေးသူငယ်များ၊ စာရိတ္တပြုပြင်ရန် လိုအပ်သော ကလေးသူငယ်များအတွက် လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး သန်လျင်လူငယ်သင်တန်းကျောင်း၊ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်း၊ မန္တလေးတိုင်းဒေသကြီး မန္တလေးလူငယ် သင်တန်းကျောင်းနှင့် မွန်ပြည်နယ် မော်လမြိုင်လူငယ် သင်တန်းကျောင်းတို့ကို ဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုရာ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းတာဝန်ခံက သင်တန်းကျောင်းနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနေမှု အခြေအနေ၊ လိုအပ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး အဆောင်အလိုက် တာဝန်ယူဆောင်ရွက်နေသော ဝန်ထမ်းများက လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားသည်။
ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းတွင် ပြစ်မှုကျူးလွန်၍ ကလေးသူငယ်တရားရုံးက ပြစ်ဒဏ်စီရင်ခြင်းခံရသော အမိန့်ကျ ကလေးသူငယ် (၅၂၅) ဦး၊ သင်တန်းကျောင်းက ပြုစုစောင့်ရှောက်ထားသော ကလေး (၈၂) ဦး စုစုပေါင်း (၆၀၇) ဦး၊ သန်လျင်လူငယ်သင်တန်းကျောင်းတွင် အမှုရင်ဆိုင်ဆဲ ရီမန်ကလေး (၄၇၈) ဦး၊ သင်တန်းကျောင်းက ပြုစုစောင့်ရှောက်ထားသော ကလေး (၂၇)ဦး စုစုပေါင်း (၅၀၅)ဦးနှင့် မော်လမြိုင် လူငယ်သင်တန်းကျောင်းတွင် အမှုရင်ဆိုင်ဆဲ ရီမန် ကလေး (၁၁၄) ဦး၊ ပြစ်မှုကျူးလွန်၍ ကလေးသူငယ်တရားရုံးက ပြစ်ဒဏ်စီရင်ခြင်းခံရသော အမိန့်ကျပြီး ကလေးသူငယ် (၁၁၀) ဦး၊ သင်တန်းကျောင်းက ပြုစုစောင့်ရှောက်ထားသောကလေး (၂၀) ဦး၊ စုစုပေါင်း (၂၄၄) ဦး ရှိပြီး ကလေးသူငယ် အခွင့်အရေးများ ချိုးဖောက်ခံရမှုမရှိစေရေး၊ လုံခြုံမှုရှိရေး၊ ဖွံ့ဖြိုးတိုးတက်ရေးများကို ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရန်နှင့် လိုအပ်ချက်များအတွက် အတတ်နိုင်ဆုံး စနစ်တကျ ဖြည့်ဆည်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
သတင်းစဉ်