နေပြည်တော် ၁ ဇွန် 
    

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့ မြို့တော်ခန်းမတွင် လူငယ်များနှင့်တွေ့ဆုံပြီး လူငယ်ရေးရာမူဝါဒကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
    

ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် ပြည်သူများ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပဋိသန္ဓေတည်သည်မှ သက်ကြီးရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း၊ ကဏ္ဍအသီးသီးတွင် လိုအပ်ချက်များရှိပါကြောင်း၊ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများ ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်များနှင့် ပတ်သက်ပြီး လူငယ့်ရေးရာမူဝါဒကို အကောင်အထည်ဖော်လျက် ရှိပါကြောင်း၊ လူငယ်ရေးရာမူဝါဒသည် အဓိကကဏ္ဍ (၁၆)ရပ်ပါဝင် ပြီးလူငယ်များ၏ ရသင့်သည့်အခွင့်အရေးများ၊ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များထည့် သွင်းရေးဆွဲထားပါကြောင်း၊ မဟာဗျူဟာတစ်ရပ်လည်း ပေါ်ပေါက်ပြီးဖြစ်၍ မိမိတို့၏ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ဦးစားပေးကဏ္ဍများကို အကောင်အထည်ဖော်ရန် လုပ်ငန်းစဉ်များ ချမှတ်ရေးကိုလည်း ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးရှိ လူငယ်များအားလုံး ပါဝင်နိုင်အောင် အသိပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ သို့မှသာ မူဝါဒ၏ အားသာချက်၊ အားနည်းချက်များကို သိရှိနားလည်ပြီး ပြင်ဆင်ဖြည့်စွက် လိုသည်များရှိ လာပါက နည်းလမ်းတကျ ပြင်ဆင်ဖြည့်စွက်နိုင်မှာ ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ လူငယ်များအနေဖြင့်လည်း ညီညီညွတ်ညွတ် ပူးပေါင်း၍ လူငယ်များကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်ကြရန်နှင့် မိမိတို့၏ အနာဂတ်လူငယ်များအတွက် ကောင်းမွန်သောအမွေများကို လက်ဆင့်ကမ်းပေးနိုင်အောင် ကြိုးပမ်းကြရန် တိုက်တွန်းပြောကြားသည်။


ထို့နောက် တက်ရောက်လာကြသော လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့ အစည်းတို့မှ အခြေခံပညာကျောင်းများတွင် လူငယ်များအတွက် ရှေးဦးပြုစုခြင်းကြက်ခြေနီ သင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ လူငယ်ရေးရာကော်မတီအတွက် ယာယီရုံးခန်းရရှိရေး၊ လူငယ်စင် တာတည်ဆောက်ရန်အတွက် မြေနေရာရရှိရေး၊ လူငယ်ရေးရာကော်မတီတွင် မသန်စွမ်းလူငယ်များ ပါဝင်နိုင်ရေး၊ မသန်စွမ်းလူငယ်များ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ NGO, INGO နှင့်လူမှု အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးစသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းဆွေးနွေးသည်။
    

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ မူလတန်းကြိုကျောင်း၊ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများ၊ ပုဂ္ဂလိကမူကြိုကျောင်းများရှိ ဆရာ၊ ဆရာမများ၊ မိဘများ၊ မိသားစုဝင်များနှင့် မကွေးမြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံပြီး ရှေးဦးအရွယ် ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးဆိုင်ရာ အရေးကြီးပုံကို ရှင်းလင်းဆွေးနွေးပြောကြားသည်။


ထို့နောက် တက်ရောက်လာကြသော မူလတန်းကြိုကျောင်း၊ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများ၊ ပုဂ္ဂလိက မူကြိုကျောင်းများရှိ ဆရာ၊ ဆရာမများ၊ မိဘအုပ်ထိန်းသူများက မိမိတို့ဆောင်ရွက်လျက်ရှိသော ကလေးသူငယ်ပြုစုရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်ချက်နှင့် သိရှိလိုသည်များကို မေးမြန်းကြရာ မိခင်ဝိုင်းများ ရေရှည်တည့်တံ့မှုရှိစေရေး၊ တိုးချဲ့ဖွင့်လှစ်နိုင်ရေး၊ ယခင်က INGO အကူအညီများဖြင့် ဖွင့်လှစ်ခဲ့သော မိခင်ဝိုင်းများ ဆက်လက်ဖွင့်လှစ်နိုင်ရေး၊ မသန်စွမ်း ကလေးငယ်များအတွက် ပြုစုစောင့်ရှောက်ရေး၊ ကျောင်းနေရာ ရေတိုက်စားနေမှုတို့နှင့် ပတ်သက်၍ မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေရှင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


သတင်းစဉ်