ရန်ကုန် ၂၈ ဇွန်
မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်က စီစဉ်တင်ဆက်သော "ရှုတိုင်းယဉ်ဆင်တိုင်းလှ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲ"ကို ယနေ့မွန်းလွဲပိုင်းတွင် သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံတွင် ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဂုဏ်ပြုတေးသီချင်းကို တေးသံရှင်ပိုးမီက သီဆိုခဲ့ပြီးမြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ပြုသီချင်း "အင်အားသစ်များနှင့်အတူ" တေးသီချင်းကို တေးသံရှင်စိုးပြည့်သဇင်နှင့် ကေကေတီတို့က လည်းကောင်း၊ ဒီဇိုင်နာမေမြတ်ဝါဆို၏ "ပန်း ပန်းချီရေး၊ မြင်သူငေး" မြန်မာ့ရိုးရာ ဆင်ယဉ်ထုံးဖွဲ့မှုကို လည်းကောင်း၊ ဒီဇိုင်နာစုစုဝေ၏ "မောင်မယ်တွဲဖက်၊ လက်ချင်းယှက်" ဆင်ယဉ်ထုံးဖွဲ့မှုကို လည်းကောင်း၊ "မီးအိမ်ရှင်" တစ်ခန်းရပ်ပြဇာတ်ကိုလည်းကောင်း၊ ဒီဇိုင်နာသျှတ္တရ၏" ကြာနွယ်ဖြင့် ဆင်း၊ ခေတ် ဆန်းယဉ်" ဆင်ယဉ်ထုံးဖွဲ့မှုကိုလည်းကောင်း၊ ဒီဇိုင်နာ ယုံးယုံး၏ "ပုလဲကုံးသီသံစဉ်ညီ၊ ချိုမြတေးပန်းချီ" တို့ဖြင့်လည်းကောင်း၊ တစ်ခန်းရပ်ဟာဒယရွှင် ဆေးဖြင့်လည်းကောင်း၊ ဒီဇိုင်နာမျိုးမင်းစိုး၏ "လက်ဆင့်ကမ်းဝေ၊ သာသနာအမွေ" ကိုလည်းကောင်း၊ "ဘယ်သူပိုမိုက်လည်း" ပြဇာတ်တို့ဖြင့် လည်းကောင်း ဖျော်ဖြေခဲ့ကြပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုပန်းခြင်းများကို ပေးအပ်သည်။
ဆက်လက်၍ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဂုဏ်ပြုပန်းခြင်းများ ဆက်လက်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


