နေပြည်တော် ၁၁ ဇွန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Saurabh Kumar အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန မေခလာခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ အကြားနားလည်မှု စာချွန်လွှာရေးထိုးခဲ့ပြီးနောက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ(၅)သန်း နှုန်းဖြင့် ၅နှစ် တာကာလအတွင်း အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ (၂၅)သန်းကူညီသွား မည့်အခြေအနေ၊ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရွှေဇားကျေးရွာ တွင် အိမ်အလုံးရေ (၁၄၈)လုံး၊ နံသာတောင်ကျေးရွာတွင် (၄၂)လုံး၊ ကြိမ်ချောင်းတောင် ကျေးရွာတွင် (၆၀)လုံး၊ စုစုပေါင်း အလုံးရေ(၂၅၀)လုံးအား တည်ဆောက်လျက်ရှိရာ မကြာမီ ပြီးစီးတော့မည်ဖြစ်သဖြင့် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်နိုင်ရေးကိစ္စ၊ အဆိုပါ ကျေးရွာများတွင် သောက်သုံးရေ၊ လျှပ်စစ်မီးစသော အခြေခံလိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရေး ဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အောက်တွင် မြန်မာနိုင်ငံဘက်မှ ကနဦးအဆိုပြုထားသော စီမံချက် (၂၂)ခုအား အတည်ပြုနိုင်ရေး အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရေးကိစ္စ၊ ဆက်လက်၍ မြန်မာနိုင်ငံရှိဒေသများတွင် ခြေတု၊ လက်တု လိုအပ်နေသူများအား ပံ့ပိုးပေးနိုင်ရေးတွင် အိန္ဒိယနိုင်ငံအစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
(သတင်းစဉ်)