နေပြည်တော် ၉ မေ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr. Daniel Patrick Chugg နှင့် ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ မေခလာခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ရခိုင်ပြည်နယ် လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးနှင့်တရား ဥပဒေစိုးမိုးရေး၊ လူမှုသဟဇာတဖြစ်ရေး ကြိုးပမ်းဆောင်ရွက်မှုများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိသွားသော နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံမှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလကပင် အဆင်သင့်လက်ခံနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်များရှိ ကယ်ဆယ်ရေးစခန်းများ စနစ်တကျ ပိတ်သိမ်းနိုင်ရေးအတွက် အမျိုးသားအဆင့်မဟာဗျူဟာ အတည်ပြုရေး နောက်ဆုံးအခြေအနေ၊ အာဆီယံအရေးပေါ် တုံ့ပြန်ရေးနှင့်အကဲဖြတ်အဖွဲ့ (ERAT)၏ ပြန်လည် လက်ခံရေးအတွက် လိုအပ်ချက်ဆန်းစစ်မှု အစီရင်ခံစာအရ တွေ့ရှိချက်များတွင် ရခိုင်ပြည်နယ်တွင် မတူညီသည့်အသိုက်အဝန်းများ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်နေသည်ကိုတွေ့မြင်ရပြီး ယင်းအတွက် လူမှု-စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဦးစားပေး ဆောင်ရွက်ရန် အရေးကြီးကြောင်း ဖော်ပြချက်များ၊ ဗြိတိန်သံအမတ်ကြီးက ကော့ဘဇားရှိ ဒုက္ခသည်များ အခြေအနေနှင့် ၎င်းတို့၏မျှော်လင့်ချက်များ၊ လူမှုသဟဇာတရရှိရေး ချဉ်းကပ်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့် ဗြိတိန်နိုင်ငံမှ အကူအညီပေးနိုင်မည့် နယ်ပယ်များကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)