နေပြည်တော် ၁၀ ဇူလိုင်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးယာယီတာဝန်ခံ Mr. Thierry Umbehr နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ်  ဝန်ကြီးဌာနသည် လူမှုရေးအခြေခံအဆောက်အအုံများ တိုးတက်ခိုင်မာစေရေးအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာချမှတ်၍ စီမံကိန်း(၈)ရပ်ဖြင့် ဆောင်ရွက်မည့်အစီအစဉ်၊ ဆွစ်ဇာလန်နိုင်ငံ ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသများတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှု၊ Mine Action Workshop အလုပ်ရုံ ဆွေးနွေးပွဲကျင်းပရေးကိစ္စ၊ လာမည့်အောက်တိုဘာလတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အဓိကတာဝန်ယူ၍ အာဆီယံသဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကို အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပရမည့်ကိစ္စ၊ နိုင်ငံတော်အဆင့် ကယ်ဆယ်ရေးစခန်းများ ပိတ်သိမ်းရေး မဟာဗျူဟာရေးဆွဲနိုင်ရေးအတွက် ဆွစ်ဇာလန်နိုင်ငံမှ နေရပ်စွန့်ခွာမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် Dr. Walter Kalin နှင့် ပူးပေါင်းဆောင်ရွက်မှု၊ ယင်းမဟာဗျူဟာအား အတည်ပြုနိုင်ရေးနှင့် ယခုအခါ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ် (၇)မြို့နယ်တွင် လူမှုရေးအခြေခံအဆောက်အအုံနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဋိပက္ခဒဏ်ခံရသော ကျေးလက်ဒေသများတွင် ကျန်းမာရေး၊ ပညာရေး၊ ရေနှင့် သန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်ရှိလုပ်ထုံးလုပ်နည်းများနှင့် လျော်ညီစွာ ရေးထိုးနိုင်ရေးကိစ္စ၊ ဝန်ကြီးဌာနတွင် Social Work Institute ထူထောင်ရန် လိုအပ်မှုနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မူကြိုကျောင်းများ လိုအပ်နေမှုတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်