နေပြည်တော် ၂၅ မေ

 

နော်ဝေနိုင်ငံ၊ အော်စလိုမြို့၌ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် နော်ဝေအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr. Dag-IngeUlstein နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် Mr. Yves Daccord နှင့်အဖွဲ့တို့အား ယမန်နေ့နံနက်ပိုင်းက Radisson Blu Hotel သီးသန့်ဧည့်ခန်းမဆောင်၌ သီးခြားစီတွေ့ဆုံသည်။

 

နော်ဝေအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု အခြေအနေ၊ ကျား/မတန်းတူညီမျှရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စ၊ လူမှု-စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီထောက်ပံ့မှုဆိုင်ရာကိစ္စ၊ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံမှုမြှင့်တင်ရေးဆိုင်ရာကိစ္စ၊ အမျိုးသမီးများအကြမ်းဖက်ခံရမှု ကာကွယ်တားဆီးရေး ဥပဒေရေးဆွဲနေမှုအခြေအနေ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် UEHRD မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

 

ထို့နောက် ညနေပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)အဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်နှင့် တွေ့ဆုံစဉ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနနှင့် ICRC တို့ ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ ရခိုင်ပြည်နယ်တွင် Red Cross Movement အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုအခြေအနေ၊ ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။

 

သတင်းစဉ်