နေပြည်တော်  ၃၀  ဇွန် 

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီအတွင်းရှိ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာပေးဆောင်ရွက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နေပြည်တော်အတွင်းရှိ ကလေးမိဘများ၊ ကလေးပြုစုစောင့်ရှောက်သူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် လတ်တလော ပြည်သူများ၏ လိုအပ်ချက်ဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓါတ်အားရရှိရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိအောင် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရေရှည်တွင် စွမ်းရည်ပြည့်ဝပြီး အရည်အချင်းရှိသော လူသားအရင်းအမြစ် ဖြစ်ပေါ်လာအောင် ရှေးဦးအရွယ် ကလေးသူငယ်ဘဝမှ စတင်ပြုစုဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လူတစ်ယောက်၏ ဦးနှောက်ဖွံ့ဖြိုးမှုသည် ကလေးငယ်၏ ရက်ပေါင်း တစ်ထောင်အတွင်းသာ ဖြစ်သည့်အတွက် ထိုအချိန်အတွင်း စနစ်တကျပြုစု စောင့်ရှောက်ရန်မိဘများ၏ တာဝန်ပင်ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ဘဝ ဖွံ့ဖြိုးတိုးတက်အောင် တာဝန်ယူဆောင်ရွက်နေသော မိမိတို့ဝန်ကြီးဌာနအနေဖြင့် မိဘများကို ပညာ ပေးရန် ဝန်ထမ်းများ ကိုယ်တိုင်စွမ်းဆောင်ရည်မြင့်အောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။ 

 

အစိုးရကဆောင်ရွက်လျက်ရှိသော နေ့ကလေးထိန်း ဂေဟာများ၊ အစိုးရမူကြိုကျောင်းများသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရေအတွက်အလွန်နည်းပါးပြီး လိုအပ်ချက်များရှိပါကြောင်း၊ အစိုးရအနေဖြင့် ကိုယ်ထူကိုယ်ထမူကြိုကျောင်းများ၊ မိခင်ဝိုင်းများကို ငွေကြေးထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပါကြောင်း၊ ယခုဖြန့်ဝေထားသော သုံးနှစ်အောက်ရှေးဦးအရွယ် ကလေးသူငယ်များ ပြုစုစောင့်ရှောက်မှု လမ်းညွှန်လက်ကမ်းစာစောင်သည် ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သည့်အချက်များ ထည့်သွင်းထား သည့်အတွက် ကလေးမိဘများအတွက် များစွာဗဟုသုတရရှိမည်ဖြစ်ပါကြောင်း၊ မိဘများနှင့် မိသားစုဝင်များသည် သုံးနှစ်အောက်ကလေးငယ်များကို ပုံမှန်ဖွံ့ဖြိုးမှုရှိမရှိ ဆန်းစစ်နိုင်ပြီး ပုံမှန်မဟုတ်ပါက ဆောလျင်စွာ သိရှိပြုပြင်စောင့်ရှောက်ကုသခြင်းဖြင့် မသန်စွမ်းမှုဖြစ် ခြင်းကို လျော့ချနိုင်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသည့် မိဘများကသိရှိလိုသည်များကို မေးမြန်းရာ ရှေးဦးအရွယ်ကလေးသူငယ်စောင့်ရှောက်ရေး၊ မသန်စွမ်းကလေးများ ပညာသင်ကြားရမှု၊ အကြားအာရုံချို့တဲ့မသန်စွမ်းများအတွက် ပိုမိုအလေးထား ပူးပေါင်းဆောင်ရွက်ပေးနိုင်မည့်ကိစ္စ၊ အိမ်အခြေပြုနေ့ ကလေးထိန်းမိခင်ဝိုင်းထူထောင်ရန်လိုအပ်မည့် သင်တန်းနှင့်နည်းစနစ်များ သင်ကြားပေးနိုင်ရန်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြန်လည်ရှင်းလင်းဖြေကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီရှိ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင် ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးသည်။ 

 

အစည်းဝေးတွင် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖြစ်ပေါ်လျက်ရှိသော ကလေးသူငယ်အကြမ်းဖက်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်၍ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ဖြစ်စဉ်ဖြစ်ပွားသည့်နေ့မှစ၍ ယနေ့အချိန်ထိအထူးအလေးထား၍ ဝန်ကြီးဌာန၏ တာဝန်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီ လူမှုဝန်ထမ်းဦးစီးဌာနက စိစစ်ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မူလတန်းကြိုကျောင်းများတွင် အသက်(၃) နှစ်မှ (၅) နှစ်အထိကိုသာ လက်ခံဆောင်ရွက်ရန်ထုတ်ပြန်ထားကြောင်း၊ ကျောင်းဖွင့်ခွင့်ပြု မိန့်မရရှိမီကာလအတွင်း ဖွင့်လှစ်ခြင်းမပြုရန် ထုတ်ပြန်ထားကြောင်း၊ ဖြစ်ရပ်မှန်ပေါ်ပေါက်ရေး ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

 

(သတင်းစဉ်)