နေပြည်တော် ၉ ဇူလိုင်
ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တိုက်ပွဲရှောင်ပြည်သူများဖြစ်သော တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများအတွက် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ ပူပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများအတွက် ယာယီခိုလုံရန်နေရာများကို အစိုးရကတာဝန်ယူ၍ ဆောက်လုပ်ပေးလျက်ရှိကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများနှင့် ညှိနှိုင်းကာ လိုအပ်သော ယာယီစခန်းများ တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ခဲ့ပြီး ယာယီနေထိုင်ရန်အတွက်သာ ဖြစ်ပါကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများကို ယခုနှစ် ဇန်နဝါရီမှ စတင်၍ လစဉ်ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ယာယီနေထိုင်ရန် အဆောက်အဦများကို ပြည်နယ်အစိုးရရန်ပုံငွေနှင့် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီရန်ပုံငွေတို့ဖြင့် ပူးပေါင်းဆောင်ရွက်ပေးထားခြင်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် လိုအပ်ချက်များရှိပါက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် လာရောက်ခြင်းဖြစ်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ဆွေးနွေးအကြုံပြုပေးကြပါရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တိုက်ပွဲရှောင်ပြည်သူများ၏ ယာယီခိုလုံမှုအခြေအနေ၊ ရိက္ခာရရှိမှုနှင့် လက်ကျန်အခြေအနေ၊ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်မှုအခြေအနေ၊ တွဲဖက်ပညာသင်ကြားနေမှု အခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ၊ ယာယီစခန်းများဆောက်လုပ်ရန် မြေနေရာ လျာထားမှုနှင့် ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထိုနောက် UEHRD ကော်မတီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဦးတိုးအောင်က UEHRD ၏ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က ထောက်ပံ့ကူညီမှုများ လိုအပ်လျက်ရှိသော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ထားရှိမှု အခြေအနေတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းဆွေးနွေးကြသည်။
ထို့ပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး အခြေအနေ၊ နေရပ်စွန့်ခွာခြင်းမပြုပဲ ကျန်ရှိသူများအား နေရာချထားရေးနှင့် ကူညီထောက်ပံ့မှုပေးရေးတို့ကို ဆက်လက်ဆွေးနွေးရာ အာဆီယံနိုင်ငံများက ပူးပေါင်းဆောင်ရွက်မည့်အခြေအနေ၊ ကုလသမဂ္ဂအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်မည့် စီမံချက်များ၊ နိုင်ငံတကာနှင့် မိတ်ဆွေနိုင်ငံများက UEHRD မှတစ်ဆင့် ထောက်ပံ့ကူညီကြမည့် အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများက ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ဆွေးနွေးအကြံပြုချက်များအပေါ် ပြန်လည်ညှိနှိုင်းပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


