နေပြည်တော်   ၁၄   ဩဂုတ် 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ IDP စခန်းများရှိ ပြည်သူများနှင့် ဘိုးဘွားများ၊ မသန်စွမ်းများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးသည်။

 

ထိုကဲ့သို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ IDP စခန်း များတွင် နေထိုင်သူများအတွက် မိသားစုပညာရေး၊ ကျန်းမာရေးကိစ္စများပါအဝင် စားသောက်ကုန် များ ဝယ်ယူသုံးစွဲနိုင်ရန် အိမ်ထောင်စုအလိုက် ငွေကြေးထောက်ပံ့မှုပြုခြင်း၊ ပုံမှန်လူမှုရေးပင်စင်ရရှိမှု တွင် မပါဝင်သေးသော သက်ကြီးဘိုးဘွားများအတွက် အထူး တစ်ကြိမ်ထောက်ပံ့ခြင်းနှင့် ယခင် အကြိမ် ထောက်ပံ့မှုတွင်မပါဝင်သေးသော မသန်စွမ်းများအတွက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ယခုလိုထောက်ပံ့မှုများသည် ရေတိုအတွက်ဖြစ်သော်လည်း ထောက်ပံ့ငွေများကြောင့် ဒေသတွင်း ငွေကြေးစီးဆင်းမှု ပိုမိုများပြားလာပြီး တစ်ဆက်တည်းမှာ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အပံ့ဖြစ်စေပါကြောင်း၊ ရေရှည်အနေဖြင့် မိမိတို့ဝန်ကြီးဌာနသည် အခြားဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းလျက်အစိုးရက ထာဝရငြိမ်းချမ်းရေးရရှိရေး ရည်ရွယ်ချက်ဖြင့် ကျင်းပ ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံက ဆွေးနွေးရရှိလာ သည့် ဘုံသဘောတူညီချက်များထဲမှ လူမှုရေးကဏ္ဍဆိုင်ရာ သဘောတူညီချက် (၁၁)ချက်ကို ၂၀၁၇ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့ပါကြောင်း၊ ဆောင်ရွက်မှုတိုင်း တွင် လူမှုသဟဇာတ သဘောတရားများကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းအကောင်အထည်ဖော်လျက်ရှိပါကြောင်း။

 

ယခုကဲ့သို့ ထောက်ပံ့မှုများသည် ပြည်သူ့ဘဏ္ဍာငွေများကို ပြည်သူများလိုအပ်သည့်အချိန်တွင် ပြည်သူများထံသို့ ပြန်လည်ရောက်ရှိအောင် ပြည်သူ့အစိုးရက ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ အကျိုးခံစားခွင့်ရှိသူများထံ အလေအလွင့်မရှိဘဲ အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးကြသော အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနအပါအဝင် ဌာနဆိုင်ရာများ၊ ပူးပေါင်းကူညီဆောင်ရွက်ကြသည့် ပြည်သူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ 

 

ထို့နောက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ရှမ်းပြည်နယ်(မြောက်ပိုင်း) IDP စခန်းများ တွင် နေထိုင်ကြရသော အိမ်ထောင်စု (၁၄၂၃) စုအတွက် ထောက်ပံ့ငွေကျပ် (၅၆ ဒသမ ၉၂)သန်း၊ ဘိုးဘွား(၄၉၆)ဦးအတွက် ငွေကျပ် (၁၄ ဒသမ ၈၈) သန်း၊ လားရှိုးခရိုင်အတွင်းရှိ မသန်စွမ်းသူ စုစုပေါင်း (၂၅၁၄)ဦးအတွက် ငွေကျပ် (၇၅ ဒသမ ၄၂)သန်းတို့ကို တာဝန်ရှိသူများထံသို့ လွှဲပြောင်း ပေးအပ်ထောက်ပံ့သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်ဆရာတော် လားရှိုးမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ ပုညနန္ဒကို သွားရောက်ကြည်ညိုဖူးမြော်ပြီး ဝါဆိုသင်္ကန်းနှင့် ဝတ္ထုငွေများ ဆက်ကပ်ခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)