နေပြည်တော် ၁၄ မေ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် UNOCHA မှ လက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး Ms. Ursula Mueller နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်နှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးမှ ပေးပို့လာသည့် ရခိုင်နှင့် ချင်းပြည်နယ်ရှိ မြို့နယ် (၈)မြို့နယ်တွင်ရှိသော နေရပ်စွန့်ခွာ နေထိုင်သူများအား ပညာရေး၊ ကျန်းမာရေး၊ ရေနှင့် သန့်ရှင်းရေး၊ စားနပ်ရိက္ခာ၊ ယာယီအိမ်ရာ၊ အိမ်သုံးပစ္စည်းနှင့် အကာအကွယ်ပေးရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ (၁၂ ဒသမ ၂)သန်းဖြင့် ကုလသမဂ္ဂမှ အကူအညီပေးနိုင်ရေး ပြုစုထားရှိသည့် စီမံချက်မူကြမ်း တင်ပြလာသည့်ကိစ္စ၊ ရခိုင်ပြည်နယ်သို့ လူသားချင်း စာနာကူညီမှုဆောင်ရွက်သူများ ခရီးသွားလာခွင့်ရရှိရေးကိစ္စ၊ သတ်မှတ်နယ်မြေများအတွင်း လွတ်လပ်စွာ သွားလာခွင့်ကိစ္စ၊ ဒုက္ခသည်စခန်းများမှ ကျောင်းသား၊ ကျောင်းသူများ အဆင့်မြင့်ပညာများ ဆက်လက်သင်ကြားနိုင်ရေး ကိစ္စရပ်များနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် ကူညီထောက်ပံ့ရေး ကိစ္စရပ်များကို ဆွေးနွေးကြကြောင်း သိရသည်။
(သတင်းစဉ်)