နေပြည်တော် ဇူလိုင် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ခန္တီး - ဆင်သေ - လဟယ်လမ်းပေါ်ရှိ နန့်စလိမ် ချောင်းတံတား ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်၂ ရက် နံနက်ပိုင်းတွင် ကျင်းပရာ ဖွင့်ပွဲအခမ်း အနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး / ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက် ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က နိုင်ငံတော် အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များအားလုံးနှင့် ဝေးလံခေါင်ပါးသော ဒေသများမကျန် အချိုးညီညီ ဖွံ့ဖြိုးတိုးတက်စေရန် ဘက်စုံကဏ္ဍစုံမှ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဖွံ့ဖြိုးမှု နည်းပါးသည့် ခန္တီးခရိုင်အတွင်းနှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း နေထိုင်ကြသည့် ဒေသခံ တိုင်းရင်းသားပြည်သူများ၏ စီးပွားရေး၊ လူမူရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် လူမူဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံအဆောက်အဦဖြစ်သည့် လမ်းသစ်များ ဆောက်လုပ်ခြင်းနှင့် တံတားများတည် ဆောက်ပေးခြင်း၊ ရှိပြီးလမ်းတံတားများကို အဆင့်မြှင့်တင် တည်ဆောက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဝင်ပေါက်ဖြစ်သည့် သက္ကယ်ကျင်း - ဖောင်းပြင် - ဟုမ္မလင်း - ခန္တီးလမ်း - ခန္တီး - ဆင်သေ - လဟယ်လမ်း နှင့် ဆင်သေ - လဟယ် -နန်းယွန်းလမ်း များကိုလည်း နှစ်စဉ်ခွင့်ပြုရန်ပုံငွေများ ချမှတ်ပေးကာ ဆောင်ရွက်လျက် ရှိသည့်အတွက် နာဂဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်လာခြင်းဖြင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နှင့် ချင်းတွင်းအထက်ပိုင်း ဒေသများ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ကုန်သွယ်စီးဆင်းရေးလုပ်ငန်းများ မြန်ဆန်အဆင်ပြေစေမည်ဖြစ်ပြီး တိုင်းရင်းသား ဓလေ့ထုံးစံများနှင့် သဘာဝကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်မှ ငွေကြေးအမြောက်အများ အကုန်အကျခံကာ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ကြီးကြပ်လမ်းညွှန်မှုများနှင့်အညီ အဆင့်အတန်းရှိရှိ ယခုတံတားကြီးကို တည်ဆောက်ပေးခဲ့၍ ကျေနပ်နှစ်သိမ့်ရုံဖြင့်မပြီးဘဲ ထိုတံတားကြီးသည် နိုင်ငံတော် အကျိုးနှင့်ဆက်စပ်ပြီး ဒေသ၏အကျိုးစီးပွားကိုလည်း အကျိုးပြုမည်ဖြစ်သည့်အတွက် မိမိဒေသ အတွင်းတွင်ရှိသည့် ပြည်သူ့အကျိုးပြု၊ ဒေသအကျိုးပြု၊ တံတားကြီးကို နောင်လာမည့်မိမိတို့၏ သားစဉ်မြေးဆက်အထိ ရေရှည်အသုံးပြုနိုင်အောင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိစွာဖြင့် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ထွန်းလင်းက နန့်စလိမ်ချောင်းတံတား တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံတိုင်းရင်းသားများကိုယ်စား ကိုယ်စားလှယ်တစ်ဦး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်၊ တိုင်းမှူး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ တို့က နန့်စလိမ်ချောင်း တံတားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကမ္ဗည်းမော် ကွန်းကျောက်စာတိုင်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး၍ အမွှေးနံ့သာရေများပက်ဖျန်း ပေးကာဒေသခံ တိုင်းရင်းသားများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နန့်စလိမ်ချောင်းတံတားအား ဖြတ်သန်းကြည့်ရှု စစ်ဆေးကြပြီး တိုင်းရင်းသားရိုးရာ အကအဖွဲ့များကို ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ နန့်စလိမ်ချောင်းတံတားသည် ခန္တီးမြို့ - ဆင်သေ - လဟယ်လမ်း မိုင်တိုင် (၂၄/၄) ပေါ်တွင်တည်ရှိပြီး ကိုယ်ထည်သံကူကွန်ကရစ် ကမ်းကပ်ခုံ၊ အပေါ်ထည် သံကူကွန် ကရစ်ယက်မ + သံမဏီယက်မ၊ ယာဉ်သွားလမ်း သံကူကွန်ကရစ်ကြမ်းဖြစ်ပြီး တံတား အရှည် - ၃၃၀ ဒသမ ၄၅ ပေ၊ တံတားအကျယ် - ၃၀ ဒသမ ၅ ပေ၊ တံတားကင်းလွတ် အမြင့် - ၃ ပေ၊ တံတား ခံနိုင်ဝန် - တန်၆၀ ၊ စုစုပေါင်းကုန်ကျငွေ ကျပ်သန်း - ၁၆၀၀ ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တည်ဆောက်ရေး အဖွဲ့(၁) တံတားအထူးအဖွဲ့ (၂) မှ တာဝန်ယူတည် ဆောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်