နေပြည်တော် နိုဝင်ဘာ ၁၆
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကံဆွယ်ကျေးရွာအုပ်စု၊ မြသုခကျေးရွာအနီး အနောက် ပြက္ခရွေတောင်တော်ပေါ်၌ အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ပဉ္စမမြောက် စွယ်တော်မြတ်စေတီသို့ ဖောက်လုပ်လျက်ရှိသည့် တောင်တက်မြေသားလမ်း ၄ မိုင် ပြီးစီးမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရာသီမရွေးသွားလာနိုင်သည့် အမာခံလမ်းအဖြစ် ဆက်လက်ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် စွယ်တော်မြတ်စေတီ ပရိဝုဏ်အတွင်း လိုက်လံကြည့်ရှုစစ်ဆေး၍ ပြုပြင် ဆောင်ရွက်ရန် လိုအပ်သည်များကို ဆရာတော်များထံလျှောက်ထားပြီး တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝမ်းတွင်းမြို့နယ် ဘုရားဖြူကျေးရွာအုပ်စု၊ ရွာရှည်ကျေးရွာ ရေရရှိရေးအတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ထားရှိသော ထရန်စဖော်မာနှင့် ရေတင်မော်တာများ တပ်ဆင်ခြင်း၊ ရေပိုက်သွယ်တန်းခြင်း လုပ်ငန်းများနှင့် မြေသားရေကန်များအတွင်း ရေဖြည့် တင်းမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေး ရုံးသို့ ရောက်ရှိရာ ခရိုင်ကြီးကြပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ယာဉ်/ ယန္တရားများကြံ့ခိုင်မှုနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အထောက်အကူပြုပစ္စည်းများ ထိန်းသိမ်းထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး ရုံးဝင်း အတွင်း ယာဉ်/ယန္တရားများနှင့် ထောက်ပံ့ပစ္စည်းများ ထိန်းသိမ်းထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်