ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia နှင့် တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန လက်ထောက်ဝန်ကြီး H.E. Mr. Liu Zhong Yi တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia နှင့် တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Mr. Liu Zhong Yi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၁၀)ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးနှင့် တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia၊ တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Mr. Liu Zhong Yi တို့သည် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ အွန်လိုင်းအသုံးပြု လောင်းကစားမှုများနှင့် ဆက်သွယ်ရေးလိမ်လည်မှုများအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများကို မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းတားဆီးနှိမ်နင်းရေးကိစ္စရပ်များ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။
ထို့အပြင် ကရင်ပြည်နယ်၊ မြဝတီဒေသရှိ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ အွန်လိုင်းလိမ်လည်မှုတားဆီးနှိမ်နင်းရေး လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံတွင် အခက်အခဲများ ကြုံတွေ့နေရသဖြင့် ကူညီကယ်တင် ပေးနိုင်ပါရန် မေတ္တာရပ်ခံထားသော တရုတ်နိုင်ငံသားများနှင့် ပတ်သက်သည့်အခြေအနေနှင့် ၎င်းတို့အား ကူညီကယ်တင်/လွှဲပြောင်း နိုင်မှုအခြေအနေများ၊ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြား သားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတကာသို့ မျှဝေပြောကြားခဲ့မှု အခြေအနေများ၊ ကရင်ပြည်နယ် မြဝတီနယ်မြေအတွင်း တရားမဝင် ရောက်ရှိနေသော နိုင်ငံခြားသားများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နှင်နိုင်ရေးဆောင်ရွက်နေမှုများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ် မြို့နယ်၊ မိုင်းဟဒေသအတွင်း တရားမဝင် အွန်လိုင်းအသုံးပြုလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်သူများကို ဖမ်းဆီးအရေးယူခဲ့သည့် အခြေအနေများ၊ တရုတ်နိုင်ငံမှအလိုရှိသော တရားခံပြေး များနှင့်ပတ်သက်၍ ဖမ်းဆီးရမိမှုနှင့် ပြန်လည်လွှဲပြောင်းပေးနိုင်မှု အခြေအနေများ၊ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီဒေသရှိ အွန်လိုင်းအသုံးပြုလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် တရုတ်-မြန်မာ-ထိုင်း ၃ နိုင်ငံအကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ကျင်းပပြုလုပ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံဝန်ကြီးဌာန ၂ ခုအကြား လက်ရှိပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့် အနာဂတ်တွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ဖလှယ်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)