နေပြည်တော် ဖေဖော်ဝါရီ ၂၆

မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့(၃)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင်  နေပြည်တော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခွင့်ပြုချက်ဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ရာ (၃)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ ဗဟိုဌာနချုပ်ရုံးကိုစတင် ဖွင့်လှစ်၍ အဖွဲ့ဝင်များ အင်အားတိုးတက်ခိုင်မာလာစေရေးအတွက် စည်းရုံးရေး၊ ဖွဲ့စည်းရေး၊ ရန်ပုံငွေတိုးတက်ရေး အစရှိသည့် လုပ်ငန်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့်ပေါင်းစပ်ပြီး တိုင်းဒေသကြီး/ပြည်နယ် စည်းရုံးရေးကော်မတီ၊ မြို့နယ်စည်းရုံးရေးကော်မတီအဆင့်ဆင့် ဖွဲ့စည်း ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ ၃ နှစ်တာကာလအတွင်း မြို့နယ်ရဲမှုထမ်းဟောင်း အဖွဲ့များနှင့် တိုင်းဒေသကြီး/ ပြည်နယ်ကြီးကြပ်ရေးအဖွဲ့များကို တိုးတက်ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ကြောင်း တွေ့ရှိရပြီး ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း။

တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများအနေဖြင့်လည်း မြို့နယ်ရဲမှုထမ်းဟောင်းများအဖွဲ့ဝင်များ အတွက် သာရေး/နာရေး၊ လူမှုရေးဆိုင်ရာကိစ္စများတွင် ကူညီထောက်ပံ့နိုင်ရန်အတွက် ရန်ပုံငွေများ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်လည်း ရန်ပုံငွေများထည့်ဝင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဗဟိုအမှုဆောင်အဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ရဲမှုထမ်းအငြိမ်းစားသေဆုံးသူများ၊  တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သား/သမီးများနှင့် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးများအပေါ် ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ရဲမှုထမ်းဟောင်းများအဖွဲ့၏ ရည်ရွယ်ချက်များ အောင်မြင်အောင်ဆောင်ရွက်ရာတွင် အဖွဲ့ဝင်များအနေဖြင့်  ဒို့တာဝန်အရေး(၃)ပါးကိုဦးထိပ်ထား၍ ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးဆောင်ရွက်သည့်အပိုင်းတွင် တတ်စွမ်းနိုင်သမျှ မိမိတို့ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပါဝင်ကူညီပေးခြင်းဖြင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်သွားကြရန် တိုက်တွန်းအမှာစကားပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ရဲမှုထမ်းဟောင်းကိုယ်စားလှယ်များက တစ်ဦးချင်း မိတ်ဆက်ကာ မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌက (၃)နှစ်တာ ကာလအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်ချမှတ်ထားရှိမှုတို့ကို ပြည်ထောင်စုဝန်ကြီးထံ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်လမ်းညွှန်အမှာစကား ပြောကြား၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

မြန်မာနိုင်ငံရဲမှုထမ်းဟောင်းအဖွဲ့ (၃)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်များ၊ ရဲအရာရှိကြီးများ၊ မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့်အဖွဲ့ဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်