နေပြည်တော် ဒီဇင်ဘာ ၁၄
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (တောင်ကြီး) သို့ ရောက်ရှိပြီး ရုံးဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ထောက်ပံ့ငွေများ ပေးအပ်သည်။
ဆက်လက်၍ အေးသာယာမြို့၊ စွယ်တော် ကျောင်းတိုက်သို့ ရောက်ရှိပြီး ကျောင်းထိုင် ဆရာတော်အား ဖူးမြော်ကြည်ညို၍ ဆရာတော်၊ သံဃာတော်များနှင့် ဘုန်းတော်ကြီးသင်ကျောင်းသား၊ ကျောင်းသူများ အတွက် ဆွမ်းဆန်တော်၊ ကျောင်းသုံးဗလာ စာအုပ်များကို လည်းကောင်း၊ ညောင်ရွှေမြို့နယ်ရှိ ထပ်အိမ်ဂူ ဘုန်းတော်ကြီးသင် ပရဟိတပညာရေးကျောင်း၌ ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် ဆန်အိတ်များကိုလည်းကောင်း၊ ဆပ်ကပ်လှူဒါန်းကာ ကျောင်းဝန်းအတွင်း ဆောင်ရွက်လျက် ရှိသော တည်ဆောက် ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများ အခက်အခဲမရှိ ပညာသင်ယူနိုင်ရေးအတွက် လိုအပ်သည်များကို ကူညီပံ့ပိုး ပေးသည်။
ယင်းနောက် အောင်ပန်းမြို့ရှိ စက်မှုလက်မှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းဝန်းအတွင်း ဆောင်ရွက်လျက် ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ ကိုလည်းကောင်း၊ ကလောမြို့ ရပ်ကွက် (၈) မှ ရွှေမင်းဖုန်းဘုရား-တောင်ပဲ့ ကျေးရွာသွားလမ်း ၈ မိုင် တွင် စုစုပေါင်း ၄ မိုင် အပြီးသတ် ကျောက်ချော လမ်းခင်းခြင်း လုပ်ငန်း၊ ရှုခင်းသာ-ဟင်းခါးကုန်း-ဆင်တောင်-ခွေးရုပ် လမ်း ၅ မိုင် မြေလမ်း တာချဲ့ခြင်းလုပ်ငန်းနှင့် ကလောမြို့နယ် နန်းသဲ- တောင်လား - တောင်ကွဲ - နန်းတိုင်း လမ်း ၁၅ မိုင် ၅ ဖာလုံတွင် ၂ မိုင် ၆ ဖာလုံ အပြီးသတ်ကတ္တရာခင်းခြင်း လုပ်ငန်းများကိုလည်းကောင်းကြည့်ရှု စစ်ဆေးသည်။
ယမန်နေ့ နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ဟိုပုံးမြို့နယ် မဲနယ်တောင်တန်း ဒေသနှင့် လွယ်မောတောင်တန်းဒေသများ၌ အစားထိုးဖွံ့ဖြိုးမှု လုပ်ငန်းများ အကောင်အထည်ဖော်နိုင် ရေးအတွက် ဆောင်ရွက်လျက်ရှိသော လမ်းကွန်ယက်ဖောက်လုပ်ခြင်း လုပ်ငန်းများဖြစ်သည့် ကောင်းကလွန်း-လွယ်မိုင်းတောင် (ပွိုင့် ၈၂၆၃) ၂ မိုင် ၆ ဖာလုံ မြေလမ်းသစ် ဖောက်လုပ်ခြင်း နှင့် Box Culvert ၄ စင်း တည်ဆောက်ခြင်း လုပ်ငန်း၊ ပန်ကလ-ဒုံလိတန် ၁ မိုင် ၅ ဖာလုံ မြေလမ်းသစ် ဖောက်လုပ်ခြင်းနှင့် ၃ မိုင် ၂ ဖာလုံ အမာခံခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ပါခက်-ပန်ကလ ၁ မိုင် ၄ ဖာလုံ မြေလမ်း ဖောက်လုပ်ခြင်းနှင့် ပေ ၂၀ တံတားဆောက်လုပ်ပြီးစီးမှုနှင့် ပန်စောက်-လဲဉ်းကလ-ဟိုင်းနွဲ့ ၁၀ မိုင် ၃ ဖာလုံ မြေလမ်းဖောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းဘေးရေမြောင်း များနှင့် Box Culvert များ စနစ်တကျ ဆောင်ရွက်ရန်၊ လမ်းအတက်အဆင်းများ ချောမောပြေပြစ်အောင် ဆောင်ရွက်ရန်နှင့် အချိန်မီပြီးစီးရေးတို့ကို မှာကြားခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မဲနယ်တောင်တန်းဒေသနှင့် လွယ်မောတောင်တန်းဒေသတို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစ၍ ကျောက္ကချား-နတ်စင်-ပန်ကလ လမ်း ၆ မိုင် ၄ ဖာလုံ၊ နတ်စင်-ပါခက်-ပန်ကလ လမ်း ၃ မိုင် ၁ ဖာလုံ၊ ပါခက်-နောင်လိုင်လမ်း လမ်းတာချဲ့ ၄ မိုင် ၄ ဖာလုံ တို့ကိုလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပန်ကလ-ဒုံလိတန် မြေသားလမ်း ၃ မိုင် ၂ ဖာလုံ၊ ပန်စောက်-လဲဉ်းကလ-ဟိုင်းနွဲ့ မြေသားလမ်း ၁၀ မိုင် ၃ ဖာလုံနှင့် လပ်တိုင်-နားခိုက်-ဝမ်တီး-ပန်ဟိုင်း-သီဟိုး လမ်း ၁၅ မိုင် ၁ ဖာလုံ တို့ကို အဆင့်မြှင့်တင်ခြင်း၊ လပ်တိုင်-ထမ့်ယမ်း-နောင်တဗန်-ဆော့ဆားလမ်း လမ်းတာချဲ့ ၄ မိုင် ၂ ဖာလုံ တို့ကို လည်းကောင်း ဆောင်ရွက် ပေးခဲ့ပြီးဖြစ်၍ လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျောက္ကချား - နတ်စင် - ပန်ကလလမ်းနှင့် နတ်စင်- ပါခက် - ပန်ကလ လမ်းတို့တွင် အတက်အဆင်း မတ်စောက်သည့် နေရာများ၌ ၁ မိုင် ကွန်ကရစ်ခင်းခြင်း၊ ပါခက်-နောင်လိုင် ၄ မိုင် ၄ ဖာလုံ လမ်းတာချဲ့ ပြီးစီးသည့် အပေါ်တွင် လိုအပ်သည့် Box Culvert နှင့် ရေကျော်များတည်ဆောက်ခြင်း၊ နားမွန်း-ထီအုံစောက်-တနိုင်မွန် လမ်း ၁၀ မိုင် ၁ ဖာလုံ လမ်းတာချဲ့ခြင်းနှင့် Box Culvert ၈ စင်း တည်ဆောက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး အလားတူ သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ ဆောင်ရွက် လျက်ရှိသည့် ဒုံလိတန်-နားလုံး-ဟိုင်းနွဲ့ လမ်းပိုင်း ၉ မိုင် ၂ ဖာလုံ အဆင့် မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း အပြီးသတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီး ပါက မဲနယ်တောင်တန်း ဒေသနှင့် လွယ်မောတောင်တန်းဒေသအတွင်း တောင်-မြောက်-အရှေ့-အနောက် လမ်းကွန်ယက်များ ဖြစ်ပေါ်လာပြီး ဒေသတွင်းရှိကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများအတွက် အစားထိုးဖွံ့ဖြိုးမှု လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် လူမှုစီးပွားဘဝများစွာ တိုးတက် လာမည်ဖြစ်သည့်အပြင် ဒေသတွင်းခရီးသွားလုပ်ငန်းများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆိုက်ခေါင်မြို့ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအတွင်းရှိ အိပ်ဆောင်များ၊ စာကြည့်တိုက်၊ ရာသီ သီးနှံများစိုက်ပျိုးထားရှိမှု ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လည်စာ သုံးဆောင်ခဲ့ကြသည်။
ယင်းနောက် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ဆိုက်ခေါင်) သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ သင်တန်းသူများ၏ လေ့ကျင့်သင်ကြားနေမှုများ၊ အိပ်ဆောင်၊ သင်တန်းခန်းမ များနှင့် ဥစားကြက်ခြံတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)