နေပြည်တော်၊ ဧပြီ ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ကုလသမဂ္ဂ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဌာန (United Nations Department of Safety and Security-UNDSS) ၏ အကြီးအကဲ Under-Secretary-General Mr. Gilles Michaud ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၁၀)၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ကုလသမဂ္ဂဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ကုလသမဂ္ဂဝန်ထမ်းများ ခရီးသွားလာခွင့်နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာနကြီး၊ ဌာနကြီးမှူး ယာယီရဲမှူးချုပ် ကျော်ဇေယျ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဌာန၊ လုံခြုံရေးအကြံပေးအရာရှိ Mr. Marco Smoliner တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
