နေပြည်တော် ၂၉ ဩဂုတ်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့်အဖွဲ့သည် ဩဂုတ် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ကချင်ပြည်နယ်၊ပူတာအိုခရိုင်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မဂွေဇ-ခေါင်လန်ဖူး ကားလမ်း (၆၅/၄)မိုင် ဖေါက်လုပ်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိကာ ဆောင်ရွက်ပြီးစီးနေပြီဖြစ်သော မြေလမ်း (၃၈/ဝ)မိုင်၊ ကျောက်လမ်း (၂၄/ဝ)မိုင် ၊ တံတား (၁၉)စင်း နှင့် ရေပြွန်/ရေမြောင်းများအခြေအနေကို လိုက်လံ ကြည့်ရှု စစ်ဆေး၍ မိုးရာသီ ကာလအတွင်း ရေတိုက်စားမှုများကြောင့် ပြန်လည်ပြင်ဆင်ရန် လိုအပ်သောလုပ်ငန်းများအား ဆောလျင်စွာ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းပေါင်းစပ်ပေးသည်။
ထို့နောက် ဇီဝဒမ်စခန်း လမ်းလုပ်ငန်း ရှင်းလင်းဆောင်၌ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား လုပ်ငန်းတာဝန်ခံ အင်ဂျင်နီယာမှူးကြီးက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ မိုးရာသီကာလတွင် အနားမယူဘဲ မိုးမရွာသည့် အချိန်များတွင် လုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ပေးနေကြသော လုပ်ငန်းခွင်ဝန်ထမ်းများကို အသိအမှတ်ပြုပါကြောင်း၊ ယခုဆောင်ရွက်နေသော လမ်းသည် ဒေသဖွံ့ဖြိုးရေးအတွက် သာမက နိုင်ငံတော်လုံခြုံရေး၊ ဖွံ့ဖြိုးရေးအတွက်လည်း အရေးပါသော လုပ်ငန်းတစ်ရပ် ဖြစ်ပါကြောင်း၊ လက်ရှိ လုပ်ငန်းဆောင်ရွက်နေသောအပိုင်းသည် ကျောက်တောင်များ ထူထပ်သောနေရာ၊ ခက်ခဲသောအပိုင်း ဖြစ်သော်လည်း ဝန်ထမ်းများအနေဖြင့် အလေးထား ကြိုးပမ်းဆောင်ရွက်သည်ကို တွေ့ရှိရသဖြင့် အားရကျေနပ်မိပါကြောင်း၊ မိမိတို့၏ ကြိုးပမ်းမှုကြောင့် မည်သူမှ မမျှော်မှန်းထားသည့် ဆန်းလွတ်ချက်တောင်ထိပ် နှင့် အခက်အခဲဆုံးအပိုင်းဖြစ်သော တောင်ဆင်း (၄/ဝ)မိုင်ခန့်ကို ကားလမ်းဖေါက် လုပ်နိုင်ခဲ့ပြီဖြစ်ရာ ခေါင်လန်ဖူးဒေသသို့လည်း မကြာမီ ကားလမ်းပေါက်အောင်မလျော့သော ဇွဲလုံလဖြင့် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်းမှာကြား၍ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းပေးခဲ့ပြီး လမ်းလုပ်ငန်းဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် လက်ရှိ မိုးရာသီကာလတွင် လုပ်ငန်းဆောင်ရွက်နေသော ဆန်းလွတ်ချက်တောင်ကျော်လမ်း ဖောက်လုပ်နေသော လုပ်ငန်းခွင်သို့ရောက်ရှိပြီး လမ်းဖောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် လုံးတုံဘိုတဲ နေရာမှ နုဝမ်ကောင် ဘိုတဲသို့ ဆက်လက်ဖေါက်လုပ်မည့် လမ်းအူကြောင်း အခြေအနေနှင့် တံတား/ ရေပြွန် ဆောင်ရွက်ရမည့် နေရာများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လုပ်ငန်းများအရှိန် အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် လမ်းဖေါက်လုပ်ရေးအဖွဲ့(၂)ဖွဲ့ခွဲပြီး ဆောင်ရွက်နိုင်ရန် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးသည်။
လမ်းဖောက်လုပ်ရေးလုပ်ငန်းများ ဆောလျင်စွာ ပြီးစီးရေးအတွက် ခေါင်လန်ဖူးသို့ တပ်မတော် ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သော စက်ယန္တရား(၂)စီးဖြင့် ခေါင်လန်းဖူးမြို့မှ စတင် လမ်းဖောက်လုပ်ခြင်း၊ ကျောက်မိုင်းခွဲခြင်း လုပ်ငန်းများကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိရာ ယခုအခါ တစ်ကြောင်းထိုးမြေလမ်း ဖေါက်လုပ်လျက်ရှိကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း(ပူတာအို) သို့ရောက်ရှိခဲ့ပြီး သင်တန်းသား/သင်တန်းသူများ နှင့် တွေ့ဆုံ၍ ပညာသင်ကြားရန်အတွက် အခက်အခဲရှိကြသော တိုင်းရင်းသား လူငယ်များအား နေထိုင်စားသောက်မှုစရိတ်၊ ပညာသင်ယူစရိတ် အစရှိသည်တို့ကို နိုင်ငံတော်မှ အလုံးစုံတာဝန်ယူ၍ လေ့ကျင့်သင်ကြားပေးလျက်ရှိရာ သင်တန်းသား/သင်တန်းသူများအနေဖြင့် နိုင်ငံတော်၏ စေတနာကို အလေးထားပြီး အပတ်တကုတ် ကြိုးစားသင်ယူလေ့ကျင့်သွားရန် လိုအပ်ကြောင်း၊ ဤသင်တန်းကျောင်းမှ အတန်းပညာ သာမက လူ့ဘဝတွင် အရေးပါသော စည်းကမ်းတကျ နေထိုင်တတ်ရေး၊ အချိန်ကို တန်ဖိုးရှိအောင် ခွဲဝေအသုံးချတတ်ရေး၊ လူမှုပေါင်းသင်းဆက်ဆံရေး၊ ကျန်းမာသန်စွမ်း ဖျတ်လတ်သောလူငယ်လူရွယ်များဖြစ်စေရေး တို့ကိုလည်း လေ့ကျင့်ပေးလျက်ရှိပြီး ခံယူတတ်ပါက ဘဝတစ်လျှောက်လုံး တိုးတက်အောင်မြင်ရေးအတွက် အသုံးဝင်သဖြင့် ကြိုးပမ်းလေ့လာ သင်ယူသွားကြရန်နှင့် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် စာသင်နှစ်အစမှ စတင်ကြိုးပမ်းလေ့လာသွားကြရန် ရှင်းလင်းမှာကြားခဲ့ပြီး သင်တန်းသား/သင်တန်းသူများ၏ အိပ်ဆောင်များ၊ စာကြည့်တိုက်၊ နေထိုင်စားသောက်မှု အခြေအနေများနှင့် ကျောင်းဝန်းအတွင်း ယခုဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သော (၃)ထပ်ကျောင်းသားအိပ်ဆောင်တည်ဆောက် ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့သည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ပူတာအို) သို့ ရောက်ရှိပြီး သင်တန်းသူများတွေ့ဆုံ၍ သင်တန်းသူများနှင့် ဝန်ထမ်းများအား ထောက်ပံ့ကြေးပေးအပ်ကာ ကျောင်းဝန်းအတွင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


