နေပြည်တော် ၁၂ ဩဂုတ်

 

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးနှင့်အတူ ရှမ်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကိစ္စရပ်များကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဩဂုတ် ၁၀ ရက်တွင် အောင်ပန်းမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ သင်တန်းကျောင်း တာဝန်ရှိသူက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် (၄) ထပ် အလုပ်ရုံ စာသင်ခန်း၊ (၃) ထပ် သင်တန်းသားအိပ်ဆောင်၊ (၄) ခန်းတွဲ (၃) ထပ် ဝန်ထမ်းအိမ်ရာ၊ စတိုဆောင်နှင့် စားဖိုဆောင် တည်ဆောက်နေမှုများနှင့် သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းထားရှိမှုများအား ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အောင်ပန်း နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း အသစ်ကို မကြာမီ ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ဒေသခံ လူငယ်များအတွက် ခေတ်စနစ်နှင့် လျော်ညီသည့် မော်တော်ယာဉ်နှင့် စက်ပြင်သင်တန်း၊ ပန်းရံ/ လက်သမား သင်တန်း၊ လျှပ်စစ်နှင့် အဲကွန်းပြင်သင်တန်း၊ ဂဟေသင်တန်း၊ လက်ကိုင်ဖုန်းပြင် သင်တန်းများ သင်ကြားလေ့ကျင့် ပေးသွားမည်ဖြစ်ကြောင်း၊ လေ့ကျင့်သင်ကြားရာတွင် အဆင့်မီ သင်ထောက်ကူပစ္စည်းများ ပြည့်စုံစွာဖြင့် ကျွမ်းကျင်ဆရာများဖြင့် လေ့ကျင့်သင်ကြားပေးနိုင်ရေး လိုအပ်သည်များကို ပြည့်စုံအောင် ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ TVET ပညာရပ်များသည် အမှန်တကယ်သာ တတ်ကျွမ်းနားလည်ပါက ဘဝရပ်တည်ရေးအတွက် အသက်မွေးဝမ်းကျောင်း ပြုနိုင်သည့် တန်ဘိုးမြင့် ပညာရပ်ပင်ဖြစ်ကြောင်း၊ အဆိုပါ သင်ထောက်ကူပစ္စည်းများကို စွမ်းအားပြည့်ကိုင်တွယ်လေ့ကျင့် သင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာနည်းပြများ၏ သင်ကြားနည်းစနစ်နှင့် အရည်အသွေးများကိုလည်း မြင့်မားစေရေး ဌာနတွင်း စွမ်းရည်မြှင့်သင်တန်းများ ပြုလုပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းမှာကြားခဲ့ပြီး သင်တန်းကျောင်းဝန်းအတွင်းရှိ တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးနေမှုနှင့် သင်တန်းကျောင်း ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ဖြည့်ဆည်း ဆောင်ရွက်ထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဩဂုတ် ၁၁ ရက်တွင် ပင်းတယမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူ၏ သင်တန်းကျောင်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးခဲ့ပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကို ဆုချီးမြှင့်ပေးပြီး သင်တန်းကျောင်းဝန်းအတွင်းရှိ ကျောင်းသား အိပ်ဆောင်၊ ကျောင်းသူအိပ်ဆောင်များနှင့် စားရိပ်သာတို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Covid-19 ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းပေးခဲ့သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ ပင်းတယမြို့နယ်၊ ကူးကော်-ရေချမ်းစင် (၃/၀) မိုင် ကျောက်ခင်းခြင်း၊ ကုန်းသာ-ပဲယင်းတောင် (၄/၂) မိုင် အပြီးသတ်မြေလမ်း ဖောက်လုပ်ခြင်း၊ ရွာငံမြို့နယ် ရေချမ်းပြင်-ကျောက္ကူတိ (၅/၅) မိုင် မြေလမ်းပေါ်ရှိ (၃/၃)မိုင် ကျောက်ခင်းခြင်း လုပ်ငန်းခွင်များသို့ ရောက်ရှိခဲ့ရာ သက်ဆိုင်ရာ တာဝန်ခံ အင်ဂျင်နီယာ အသီးသီးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ သတ်မှတ်စံချိန် စံညွှန်းနှင့် လုပ်ငန်းအရည်အသွေး၊ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ သတ်မှတ်အချိန်အတွင်း ပြီးစီးစေရေး Time Frame ရေးဆွဲဆောင်ရွက်နေမှု၊ လုပ်ငန်းစတင်ဆောင်ရွက်ချိန်မှစ၍ ပြီးစီးသည့် အခြေအနေအထိ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့် မှတ်တမ်းဓါတ်ပုံများနှင့် ဆောင်ရွက်ဆဲ အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုဗစ်-၁၉ ကာလအတွင်း ကန့်သတ်ချက်များ ရှိခဲ့သော်လည်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်သည့် အနေအထားကို တွေ့ရှိရပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ တိတိကျကျလိုက်နာပြီး မိမိတို့ဒေသအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို စနစ်တကျ စဉ်ဆက်မပြတ် စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားကြရန်၊ မိမိတို့ဝန်ကြီးဌာန၏ တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ယူ ပူးပေါင်း၊ တွဲဘက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများ အနေဖြင့်လည်း နိုင်ငံတော် ခွင့်ပြုရန်ပုံငွေနှင့် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများ ပြည့်မီရေး၊ အချိန်မီ ပြီးစီးရေးတို့ကို အလေးထား‌ ဆောင်ရွက်ပေးကြရန်၊ ဒေသခံပြည်သူများအနေဖြင့်လည်း ယခုကဲ့သို့ ဆောင်ရွက်ပေးခဲ့သည့် လုပ်ငန်းများပြီးစီးပါက ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် ပူးပေါင်းပါဝင်ထိန်းသိမ်း ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်