နေပြည်တော် ဖေဖော်ဝါရီ ၁၀

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဦးဇင်မင်းထက်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ဆေးပေးခန်းနှင့် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များ တည်းခိုနေထိုင်သည့် နေရာများအား ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆေးပေးခန်းတွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ ကျန်းမာရေးစောင့်ရှောက်မှုမှတ်တမ်း ပြုလုပ်ထားရှိမှု၊ X Scan စက်နှင့် ကုသရေး အထောက်အကူပြု စက်ပစ္စည်းထားရှိမှု၊ ဆေးဝါးသိုလှောင်ထားရှိမှု၊ အားကစားသမားများကို နေ့စဉ် အားဆေးတိုက်ကျွေးမှု၊ အားကစားသမားများ လေ့ကျင့်ရာတွင် မတော်တဆထိခိုက်ဒဏ်ရာ ရရှိလာပါက အရေးပေါ်ကုသမှုများ ပြုလုပ်ပေးနိုင်ရန်အတွက် ကုသရေးအထောက်အကူပြု ပစ္စည်းများနှင့် ဆရာဝန်လုံလောက်မှု ရှိ/မရှိ အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့သို့ ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီး က အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရာက်ယှဉ်ပြိုင်ရန် ပြိုင်ပွဲကာလ နီးကပ်လာပြီဖြစ်၍ အားကစားသမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုဂရုစိုက် ဆောင်ရွက်ပေးသွားရန်၊ အာဟာရပြည့်ဝမည့် အစားအသောက် သုံးစွဲမှုလမ်းညွှန်ချက်ကို အားကစားအဖွဲ့ချုပ်များထံ အချိန်မီဖြန့်ဝေပေးသွားရန်၊ အားကစားသမားများ အသုံးများသည့် ဆေးဝါးများ လုံလောက်အောင် ဖြည့်တင်းဝယ်ယူသွားရန်နှင့် အခက်အခဲ တစ်စုံတစ်ရာရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြသွားရန် တာဝန်ရှိသူများကို မှာကြားသည်။

ယင်းနောက် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ အိပ်ဆောင်များအား ကြည့်ရှုစစ်ဆေးပြီး ရေ/မီး အဆင်ပြေစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်