နေပြည်တော် ဖေဖော်ဝါရီ ၂၄
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဆောင်ရွက်သည့် “ခြင်းရက်လုပ်နည်းသင်တန်း အမှတ်စဉ် (၁/ ၂၀၂၅)” ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး တက်ရောက်အားပေးသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း အမှုထမ်းများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းမှ သင်ကြားပို့ချပေးသည့် နည်းပညာများကို ကြိုးစားသင်ယူ၍ ကိုယ်ပိုင်အသေးစားလုပ်ငန်းများ ထူထောင်ပြီး တစ်ပိုင်တစ်နိုင်လုပ်ငန်းမှသည် နိုင်ငံတော်မှချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်ကို အထောက်အကူပြုနိုင်သည့် စီးပွားဖြစ်လုပ်ငန်းများဆီသို့ တက်လှမ်းနိုင်ရေးအတွက် မိမိကျရာအခန်းကဏ္ဍမှ အားကြိုးမာန်တက် ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း၊ သင်တန်းတက်ရောက်သူများအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဒေသခံတိုင်းရင်းသားများသို့ ထပ်ဆင့်သင်ကြားပြသပေးနိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်ရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ သင်တန်းနည်းပြနှင့် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားကြပြီး ဒုတိယဝန်ကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် သင်တန်းတွင် အသုံးပြုမည့် အထောက်အကူပစ္စည်းများနှင့် လက်တွေ့သင်ကြားဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။ သင်တန်းကို ယနေ့မှစ၍ (၁၀) ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၀) တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်