ရန်ကုန် မတ် ၃

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်နှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့သည် ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်ထောင်စု ဝန်ကြီးက အမှာစကားပြောကြားပြီး တာဝန်ခံအရာရှိက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြ၍ တိုင်းရင်းသားရေးရာ ဝန်ကြီးက ပဲခူးတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးသည်။

 

ယင်းနောက် ဝန်ထမ်းများက အထွေထွေဆွေးနွေးတင်ပြကြရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ နေရပ်စွန်ခွာ ဒေသခံတိုင်းရင်းသားပြည်သူများအတွက် ငွေကျပ် သိန်း (၃၀) ကို တိုင်းရင်းသားရေးရာဝန်ကြီးထံပေးအပ်၍ ညွှန်ကြားရေးမှူးရုံးအတွင်း ရုံးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဝန်ထမ်းအိမ်ရာများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ဝန်ထမ်းများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးကာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ညွှန်ကြားရေးမှူးရုံးအတွင်း ရုံးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဝန်ထမ်းအိမ်ရာများကို လိုက်လံကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်