တောင်ကြီး       မေ    

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံး၏ ရုံးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် ရုံးအဝင်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသား များ၏ စာပေနှင့်ယဉ်ကျေးမှုများ ထိန်းသိမ်းမြှင့်တင်ခြင်းနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဆောင်ရွက် ပေးလျက်ရှိသည့်အပြင် နိုင်ငံတော်အတွက် “We are Myanmar” ဆိုသည့်  ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေရန် ဆောင်ရွက်ရပါကြောင်း၊ တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံသားဖြစ်သကဲ့သို့ နိုင်ငံသားတိုင်းသည် တိုင်းရင်းသားများမဟုတ်ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့ များအနေဖြင့် တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင်ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲမထားဘဲ ပြည်ထောင်စု၏ အကျိုးကိုရှေးရှုပြီး တိုင်းရင်းသားများအချင်းချင်း စည်းလုံးညီညွတ်မှုပိုမိုခိုင်မြဲအောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ မိမိတို့တိုင်းရင်းသားရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပွင့်လင်းစွာတင်ပြဆောင်ရွက်ကြရန် ပြောကြားသည်။

 

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက ရှမ်းပြည်နယ် အတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေ များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ဆက်လက် ရှမ်း၊ ကချင်၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ လီဆူ၊ ကိုးကန့်၊ ယင်းကြား၊ ယင်းနက်နှင့် ထနော့ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များ၊ အသင်းအဖွဲ့မှတ်ပုံတင်ခွင့်ရရှိရေး၊ တိုင်းရင်းသားဒေသများတွင် သက်ဆိုင်ရာ တိုင်းရင်းသားစာပေ သင်ကြားရေးသင်တန်များနှင့်စပ်လျဉ်း၍ အထွေထွေဆွေးနွေးတင်ပြကြရာ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုတို့က ပြန်လည်ရှင်းလင်းဆွေးနွေးကာ ပြည်ထောင်စု ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)