နေပြည်တော် ၂၅ ဇူလိုင်
နေပြည်တော်သို့ လေ့လာရေးခရီး ရောက်ရှိနေသော ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညနေ ၆ နာရီတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က နေပြည်တော်ခရီးစဉ်အတွင်း ဒေသန္တရဗဟုသုတများ ရရှိကြပြီး နေပြည်တော်တိုးတက်မှုများကို နမူနာယူပြီး မိမိတို့ဒေသသို့ ရောက်ရှိသည့်အခါ ဒေသဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြည်နယ်များရှိ ညွှန်ကြားရေးမှူးရုံးများနှင့် တိုက်ရိုက်ဆက်သွယ်ကာ မိမိတို့၏ တိုင်းရင်းသား အခွင့်အရေးများရရှိရေး၊ စကားစာပေ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး ကိစ္စရပ်များကို ဆောင်ရွက်နိုင်ပါကြောင်း၊ ပြည်နယ်တိုင်း ဒေသကြီးများရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသအဖွဲ့ တိုင်းရင်းသားခေါင်းဆောင်များ၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းများသည် ဝန်ကြီးဌာန၏ တိုင်းရင်းသားရေးရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် လက်တွဲဆောင်ရွက်နေသည့် မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်ပါကြောင်း၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေဖြင့် မိမိတို့နေထိုင်ရာဒေသ၊ စကားစာပေ၊ ကိုးကွယ်ယုံကြည်မှု မည်သို့ပင်ကွဲပြားခြားနားကြပါစေ အချင်းချင်းစည်းလုံး ညီညွှတ်စွာဖြင့် သင့်သင့်မြတ်မြတ် နေထိုင်ကြရန်လိုပါကြောင်း၊ အရေးကြီးရင်သွေးနီးကြပါနွားကွဲရင် ကျားဆွဲခံရမှာဖြစ်သည့်အတွက် တစ်ဦးကိုတစ်ဦး ချစ်ချစ်ခင်ခင် ဥမကွဲသိုက်မပျက် ပြည်ထောင်စုကြီး ထာဝရအစဉ်တည်မြဲအောင် ဝိုင်းဝန်းကာကွယ်စောင့်ရှောက်သွားကြရေး တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးလှမော်ဦးက နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ရန်အတွက် ကယားပြည်နယ်မှ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ ကိုယ်စားလှယ် (၁၃) ဖွဲ့နှင့် ချင်းပြည်နယ်မှ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ကိုယ်စားလှယ် (၁၃) ဖွဲ့တို့ကို တစ်ဖွဲ့လျှင် ကျပ် ၅ သိန်းစီဖြင့် ထောက်ပံ့ငွေ စုစုပေါင်း ကျပ်သိန်း(၁၃၀)ပေးအပ်သည်။
ထို့နောက် ကယားပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ကိုယ်စားလှယ်များကိုယ်စား ဦးခွန်သာဒူးဦးနှင့် ချင်းပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း အဖွဲ့များကိုယ်စား ဦးဇိုပဲင်း(မရာ) တို့က ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လေ့လာရေးအဖွဲ့များနှင့်အတူ ချစ်ကြည်ရင်းနှီးစွာဖြင့် ညစာသုံးဆောင်ခဲ့ကြပြီး ညစာသုံးဆောင်စဉ် တိုင်းရင်းသားရိုးရာတေးသီချင်းများ၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှ ယဉ်ကျေးမှု အကအဖွဲ့များ၏ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
တိုင်းရင်းသားလေ့လာရေးအဖွဲ့သည် နေပြည်တော်ရှိ Junction ဈေးဝယ်စင်တာ၊ ရေပန်းဉယျာဉ်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(တပ်ကုန်း)၊ ဗုဒ္ဓဂယာ(ပုံတူ)၊ မဟာသကျရံသီ၊ ဉပ္ပါတသန္တိစေတီ၊ ငလိုက်ဆည်ဆင်စခန်း၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ စစ်သမိုင်းပြတိုက်၊ ဆာဖာရီဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ လွှတ်တော်၊ အမျိုးသားပြတိုက်၊ ကျောက်မျက်ပြတိုက်များသို့ ဇူလိုင် ၂၁ ရက်မှ ၂၅ ရက်အထိ လေ့လာခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


