နေပြည်တော် ၂၅ နိုဝင်ဘာ
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်သည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း (၁၁)သင်းမှ ဥက္ကဋ္ဌများအား Video Conferencing ဖြင့် တွေ့ဆုံပြီး ခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်လာနိုင်ရန်နှင့် ၂၀၂၃-၂၀၂၄ တွင် မူလအခြေအနေ ပြန်ရောက်ရန် ကိစ္စရပ်များကို ဆွေးနွေးသည်။
တွေ့ဆုံပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ်၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်ကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင် က ကိုဗစ်-၁၉ ကပ်ရောဂါ ပထမအကြိမ် ကူးစက်ပြန့်ပွားခြင်းကို ထိန်းချုပ်ရန် ၂၀၂၀ ပြည့်နှစ် ဧပြီလ၌ stay at home စတင်ချိန်တွင် ခရီးသွားလုပ်ငန်းသည် လုံးဝနီးပါး ရပ်တန့်သွားခဲ့သည့်အတွက် ၀န်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းများအပေါ် ထိခိုက်မှုများ ကုစားပေးရန် Myanmar Tourism Rescue Plan ကို Survival, Reopening နှင့် Relaunching အဆင့် ၃ ဆင့် ချမှတ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆက်စပ်၀န်ကြီးဌာနများနှင့် ပူးပေါင်းပြီး Tourism National Guidelines for COVID-19 Safe Services Beta Version VI ကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းပြန်လည် ထူထောင် လာနိုင်ရန်နှင့် ၂၀၂၃ -၂၀၂၄ တွင် မူလအခြေအနေ ပြန်ရောက်ရန် Myanmar Tourism Strategic Recovery Roadmap (2021-2025) ကိုလည်း ရေးဆွဲပြီးဖြစ်ပါကြောင်း။
Myanmar Tourism Strategic Recovery Roadmap (2021-2025) ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် stakeholder များကို ချပြပြီး Roadmap နှင့် align ဖြစ်သည့် မိမိဒေသလိုအပ်ချက်နှင့် ကိုက်ညီသော Regional Tourism Master Plan (RTMP) ကို ဆွေးနွေးအတည်ပြုရမည် ဖြစ်ပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဉီးစီးဌာန တိုင်းဒေသကြီး၊ ပြည်နယ် ရုံးခွဲများအနေဖြင့် မိမိတို့ဒေသခံ stakeholder များနှင့် ညှိနှိုင်းပြီး Regional Tourism Master Plan မူကြမ်းကို စတင်ရေးဆွဲရာတွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း (၁၁) သင်းက ပါ၀င်ကူညီဆောင်ရွက်ပေးရန်နှင့် forum များတွင် ပါ၀င်ဆွေးနွေး အတည်ပြုပေးကြရန် မေတ္တာရပ်ခံ ပါကြောင်း။
ကိုဗစ်-၁၉ အလွန်ကာလတွင် နိုင်ငံတကာခရီးသွားများ မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံစိတ်ချရသည့် ခရီးစဉ်ဒေသ အဖြစ် ယုံကြည်လက်ခံလာစေရန် Enchanting Myanmar Health and Safety Protocol for Safe Tourism Myanmar ကို ၀န်ကြီးဌာနက ရေးဆွဲပြီးဖြစ်ပါကြောင်း၊ Protocol နှင့်အညီ လုပ်ဆောင်နိုင်ရန် သင်တန်းပေးမည့် Trainer များ၊ Protocol နှင့်ညီ မညီ စစ်ဆေးမည့် Inspector များကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပူးပေါင်း လေ့ကျင့်ပြီး လက်မှတ်ထုတ်ပေးသွားမည်ဖြစ်ပါကြောင်း၊ လေ့ကျင့်သင်ကြားမှုနှင့်စစ်ဆေးပြီး stamp ထုတ်ပေးမှု များကို ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးရှိ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဉီးစီးဌာန ရုံးခွဲများကို ဗဟိုပြုဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ခရီးသွားလုပ်ငန်းများ ဘေးကင်းလုံခြုံစွာ ပြန်လည်စတင်နိုင်ရန် ခရီးသွားဧည့်သည်နှင့် ခရီးသွားများကို ၀န်ဆောင်မှု ပေးသူများပါ social distancing guidelines များကို လိုက်နာရန် အလွန်အရေးကြီးပါကြောင်း၊ ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့များ (DMO) တွင်ပါ၀င်သည့် private sector က ဦးဆောင်၍ social distancing နှင့်အညီ ခရီးစဉ်ဒေသများ ပြန်လည်ဖွင့်လှစ်ရန် ဆောင်ရွက်ပေးရာတွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင် အသင်း (၁၁) သင်းက ပူးပေါင်းကူညီဆောင်ရွက်ပေးရန် မေတ္တာရပ်ခံလိုပါကြောင်း။
ကိုဗစ်-၁၉ အလွန်ကာလတွင် အရေးပါလာမည့် rural tourism နှင့် နိုင်ငံ၏ ခရီးသွား အရင်းအမြစ်များကို အကျိုးရှိရှိ အသုံးချနိုင်ရန် ရည်ရွယ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ Heritage & Cultural Tourism၊ Nature Based & Eco Tourism၊ Agricultural & Farming Tourism၊ River & Rail Tourism၊ Adventure & Sports Tourism၊ Gastronomy Tourism၊ Caravan Tourism၊ MICE Tourism များ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း (၁၁)သင်းက ဖွဲ့စည်းမည့် working group များတွင် မိမိစိတ်အားသန်ရာ ကျွမ်းကျင်ရာအလိုက် ပါ၀င်ကူညီ ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် Online ဖြင့် တက်ရောက်လာကြသည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း(၁၁) သင်းဥက္ကဋ္ဌများက ကိုဗစ်-၁၉ အလွန်ကာလတွင် ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရေး ဆောင်ရွက် နေမှုအခြေအနေ၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ တိုင်းဒေသကြီးတွင် Agriculture Tourism ဖော်ဆောင်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေ၊ ကိုဗစ်ချေးငွေနှင့် SME ချေးငွေများရရှိနိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် ဧည့်လမ်း ညွှန်များအား သင်တန်းပေးနိုင်ရေး ကိစ္စရပ်များကို ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်ကျော်က အသင်းအဖွဲ့များက ဝန်ကြီးဌာနသို့ ပေးပို့ထားရှိသည့် CERP ကိစ္စရပ်များ ဆောင်ရွက်ထားရှိမှု၊ ရုံးခွဲများအလိုက် ကိုဗစ်အလွန်ကာလတွင် ခရီးသွားများ ပြန်လည်စတင်လာပါက ခရီးစဉ်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ သွားလာနိုင်ရေး အသင်းအဖွဲ့ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စ၊ ခရီးသွားမြှင့်တင်ရေး ရန်ပုံငွေတောင်းခံမှုအပေါ် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဉီးတင်လတ်က ကိုဗစ်-၁၉ အလွန်ကာလတွင် နိုင်ငံတကာ ခရီးသွားများ မြန်မာနိုင်ငံသို့ ဘေးကင်းလုံခြုံစိတ်ချရသော ခရီးစဉ်ဒေသအဖြစ် ယုံကြည်လက်ခံလာစေရန် ဝန်ကြီးဌာနက ရေးဆွဲထားသည့် Enchanting Myanmar Health and Safety Protocol for Safe Tourism Myanmar နှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များနှင့် ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
သတင်းစဉ်


