နေပြည်တော်  ၆ နိုဝင်ဘာ

(၁၄)ကြိမ်မြောက် အာရှ-ဉရောပ ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးကို ယနေ့ ညနေ ၃ နာရီခွဲတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ အိမ်ရှင်အဖြစ် Virtual အစီစဉ်ဖြင့်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဉီးစိုးဝင်း နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။ 

အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီး Mr. AHM Mustafa Kamal က အဖွင့်အမှာစကား ပြောကြားပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဝန်ကြီးချုပ် Sheikh Hasina ၏ Video Message ဖြင့် ပေးပို့သည့်မိန့်ခွန်းကို ထုတ်လွှင့်သည်။ 

ယင်းနောက် ကမ္ဘာ့ဘဏ်၏ Vice President Mr. Hartwig Schafer ၊ အာရှဖွံ့ဖြိုးရေးဘဏ်၏ Vice President Mr. Shixin Chen နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ Deputy Director Ms. Anne-Marie Gulde-Wolf တို့က Keynote Speech ပြောကြားကြသည်။ 

ထို့နောက် ပါဝင်တက်ရောက်ကြသည့် အဖွဲ့ဝင်နိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက နိုင်ငံအလိုက် မိန့်ခွန်းများပြောကြားကြရာ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ကမ္ဘာ့နှင့်အဝန်း ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ကမ္ဘာ့နိုင်ငံများစွာတွင် ၎င်း၏အကျိုးသက်ရောက်မှုများကို ဆိုးဝါးစွာခံစားရလျက်ရှိရာ ကပ်ရောဂါ၏ သက်ရောက်မှုကို ကုစားရေး၊ ထိန်းချုပ်နိုင်ရေးနှင့် ကျော်လွှားနိုင်ရေးကိစ္စရပ်များတွင် တစ်ကမ္ဘာလုံးအတိုင်းအတာ ဖြင့် ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ရာ ယင်းလုပ်ငန်းများအား ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ယခုနှစ်အစည်းအဝေး၏ခေါင်းစဉ်အဖြစ် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် စပ်လျဉ်း၍ ခိုင်မာသော၊ စဉ်ဆက်မပြတ်တိုးတက်မှုရှိသော၊ အားလုံးပါဝင်နိုင်သော ညီမျှသည့် ပြန်လည် ထူထောင်ရေးတည်ဆောက်ရန် ဉီးတည်ချက်သည် များစွာသင့်တော်မှုရှိပါကြောင်း။

မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ၏ ဒုတိယလှိုင်းရိုက်ခတ်မှုကြောင့် နိုင်ငံ၏လူမှုစီးပွားရေး ဖွံ့ဖြိုးမှုအပေါ် များစွာ ထိခိုက်လျက်ရှိပါကြောင်း၊ အစိုးရအနေဖြင့် ကိုဗစ်-၁၉ ၏ သက်ရောက်မှု များကို ကုစားနိုင်ရေးအတွက် COVID-19 Economic Relief Plan (CERP) အား လွန်ခဲ့သည့်ဧပြီလတွင် ရေးဆွဲထုတ်ပြန်ခဲ့ပြီး၊ မူဝါဒဆိုင်ရာ လက်တွေ့ ဆောင်ရွက်ရမည့်အချက်များနှင့် ငွေကြေးဆိုင်ရာကုစားမှုများကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း။

ထို့ပြင် ကိုဗစ်-၁၉ တုံ့ပြန်ရေးဆောင်ရွက်ချက်များအတွက် ပြည်တွင်းမှ ဘဏ္ဍာရေးပံ့ပိုးပေးမှုများအပြင် ထပ်မံလိုအပ် သည့်ငွေကြေးများကို နိုင်ငံတကာငွေရေးကြေးရေးအဖွဲ့အစည်းများ ဖြစ်ကြသည့် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့မှ အတိုးနှုန်းသက်သာသော ချေးငွေများ၊ ထောက်ပံ့ငွေများဖြင့် ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ အလားတူ G20 နိုင်ငံများမှ ထောက်ပံ့ကူညီသည့် ကြွေးမြီပြန်လည်ပေးဆပ်မည့်ကာလ ရွှေ့ဆိုင်းပေးခြင်းအစီအစဉ် (Debt Service Suspension Initiative – DSSI) ဖြင့်လည်း ကြွေးမြီသက်သာခွင့်များ ရရှိခဲ့ပါကြောင်း။ 

သို့ရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကို မခန့်မှန်းနိုင်သေးသည့် အခြေအနေတွင် ရောဂါဖြစ်ပွားမှုကာလ ကြာရှည်လာသဖြင့် ပြည်သူများ၏ စားဝတ်နေရေးနှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်နာလန်ထူလာစေရေး တို့အတွက် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် ငွေကြေးလိုအပ်ချက်များ ထပ်မံတိုးမြင့်လာနိုင်မည်ဖြစ်ရာ ယင်းဘဏ္ဍာငွေလိုအပ်မှုများကို နိုင်ငံတကာ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့များက ဆက်လက် တိုးမြှင့်ထောက်ပံ့နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် အထူးလိုအပ်လာပါကြောင်းတို့ဖြင့် ဆွေးနွေးပြောကြားသည်။ 

အာရှ-ဉရောပ ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးသည် ကမ္ဘာ့၏ ၆၀ ရာခိုင်နှုန်းခန့်ရှိသည့် အာရှနှင့် ဉရောပ ဒေသကြီးနှစ်ခုအကြား ဖွံ့ဖြိုးမှုဆိုင်ရာကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးကြသည့် Forum တစ်ခုဖြစ်ပြီး၊ ယခုအခါ မြန်မာနိုင်ငံအပါအဝင် အာရှနှင့် ဉရောပမှအဖွဲ့ဝင် (၅၂)နိုင်ငံနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများ ဖြစ်ကြသည့် အာဆီယံနှင့် ဉရောပသမဂ္ဂတို့ အပါအဝင် စုစုပေါင်း Partners (၅၄) ခုဖြင့် ဖွဲ့စည်းထားရှိသည်။ အာရှ-ဉရောပ ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးကို ၁၉၉၇ ခုနှစ်မှစ၍ အာရှနှင့် ဉရောပဒေသရှိ အဖွဲ့ဝင်နိုင်ငံများတွင် (၂) နှစ်လျှင် တစ်ကြိမ် အလှည့်ကျ ကျင်းပလျက် အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးကြသည်။ 

အစည်းအဝေးအပြီးတွင် ဘဏ္ဍာရေးဝန်ကြီးများက ကိုဗစ်-၁၉ ကပ်ရောဂါ၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး လုပ်ငန်းများအပေါ် ဆိုးရွားစွာသက်ရောက်မှုများအတွက် ထိရောက်သည့် တုံ့ပြန်ဆောင်ရွက်မှုတစ်ရပ်ကို ဦးစားပေး ဖော်ထုတ်သွားရန် မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ စုပေါင်းဆောင်ရွက်သွားရန် ထပ်မံအတည်ပြုခဲ့ကြကြောင်း Press Release ထုတ်ပြန်သည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်ဝင်း၊ ဦးဆက်အောင်နှင့် ဒေါက်တာ မင်းရဲပိုင်ဟိန်း၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်