နေပြည်တော်၊ အောက်တိုဘာ ၁၄
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဉီးဉာဏ်ထွန်း ဉီးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၃ ရက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့အနီးရှိ Zagorskaya PSPP ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံသို့ သွားရောက်လေ့လာသည်။
ဉီးစွာ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Zagorskaya PSPP ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စက်ရုံအတွင်းရှိ Water Intake ၊ Observation Deck ၊ ၅၀၀ ကေဗွီ Switchyard ၊ ဓာတ်အားပေးစက်ရုံ ဝန်းအတွင်းရှိ ဓာတ်အားပေးစက်များနှင့် Control Room တို့ကို သွားရောက် ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

အဆိုပါ Zagorskaya PSPP ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသည် မော်စကိုမြို့ အနီးတွင်တည်ရှိပြီး ကုညာမြစ်အား ရေတံခါးထိန်း ကိရိယာများဖြင့် အဖွင့်အပိတ် ဆောင်ရွက်၍ ရေထိန်းဧရိယာ 22.4 Million Cubic Meter (၁၈၁၆၀ ဧကပေ) ရှိကာ 1200 MW ကို နေ့စဉ် အမြင့်ဆုံးသုံးစွဲသည့်အချိန် ၄ နာရီခန့်မောင်းနှင်ပြီး ညပိုင်းတွင် သုံးစွဲလည်ပတ် မောင်းနှင်ထားသော ရေများကို Pump များဖြင့် ၁၀၀ မီတာအမြင့်ရှိ ရေထိန်းကန်အတွင်းသို့ ပြန်လည်မောင်းနှင်ကာ အကျိုးရှိစွာဖြင့် အသုံးချဆောင်ရွက်လျက်ရှိသော Pump Storage Type ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ အမျိုးအစားဖြစ်သည်။
ယင်းနောက် စက်ရုံအစည်းအဝေးခန်းမတွင် RusHydro ၏ Chief Expert of International Cooperation Department မှ Mr. Tatiana Ivankina (မစ္စတာ တာတီယားနား အီဗန်ကီးနား) က လျှပ်စစ်ဓာတ်အားပေး စက်ရုံအတွက်လိုအပ်သော တာဘိုင်ဂျနရေတာများ ထုတ်လုပ်နေခြင်း၊ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာ ကူညီဆောင်ရွက်ခြင်း၊ ဒီဇိုင်းရေးဆွဲပေးခြင်း၊ တည်ဆောက်ရေး နည်းပညာများ ဖြန့်ဖြူးခြင်း၊ လူအင်အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းနှင့် ရေအရင်းအမြစ်များကို အကျိုးရှိစွာ အသုံး ချနိုင်ရန် နည်းပညာအရ ဆောင်ရွက်ပေးခြင်းတို့ကိုလည်းကောင်း၊ ROSATOM မှ Project Manager Mr. Satin IIya (မစ္စတာ စတင် အီးလီးယာ) က အသေးစားရေအား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရုရှား - မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာဖြင့် လျှစ်စစ် ဓာတ်အား ထုတ်လုပ်မှု အပိုင်းတွင် ပိုမိုပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ရုရှားနိုင်ငံ အဆွေတော်တို့ ကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်အပ်ပါကြောင်း ပြောကြားပြီး သိရှိလိုသည်များကို ပြန်လည်ဆွေးနွေး မေးမြန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်