နေပြည်တော် စက်တင်ဘာ ၂၉ 

 

၂၀၂၃ ခုနှစ် “ကမ္ဘာ့နှလုံးကျန်းမာရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) ရုံ ၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။

 

အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း က အဖွင့်အမှာစကား ပြောကြားရာတွင် နှလုံးနှင့် သွေးကြောရောဂါများကြောင့် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် လူဦးရေ (၂၀ ဒသမ ၅) သန်းကျော် သေဆုံးလျက်ရှိပါကြောင်း၊  အဆိုပါ သေဆုံးမှုများ၏ (၈၅) ရာခိုင်နှုန်းသည် နှလုံးသွေးကြော ပိတ်ခြင်းကြောင့် ရုတ်တရက် နှလုံးရပ်၍ သေဆုံးခြင်း (Heart Attack) နှင့်  ဦးနှောက်သွေးကြောပိတ်ခြင်း၊  ဦးနှောက်သွေးကြောပေါက်ခြင်း၊ လေဖြတ်ခြင်းတို့ကြောင့် သေဆုံးနေရခြင်း ကို တွေ့ရှိရပါကြောင်း၊ ကျန်းမာရေးနှင့်မညီညွတ်သည့် အစားအသောက်များကို စားသုံးခြင်း၊ ကိုယ်လက် လှုပ်ရှားမှုနည်းပါးခြင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်းများသုံးစွဲခြင်းနှင့် အရက်အလွန်အကျွံ သောက်သုံးခြင်းတို့သည် နှလုံးနှင့်သွေး ကြောရောဂါများဖြစ်ပွားစေသည့် အဓိကအကြောင်းအရင်းများ ဖြစ်ပါကြောင်း။

 

ယခုနှစ် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “နှလုံးအစဉ်ကျန်းမာဖို့၊ အသိသတိဖြင့် ဆင်ခြင်စောင့်ရှောက်စို့” ဖြစ်ပါကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှု ရေးဦးတည်ချက် ဖြစ်သည့် “တမျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေး ကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး”ကို ပြည့်မီအောင်ဆောင်ရွက်ရာတွင် ပြည်သူ တစ်ရပ်လုံးမှ မိမိတို့ကျန်းမာရေးကို အသိသတိဖြင့် ထိန်းသိမ်းစောင့်ရှောက်ရန်အချက်သည် လွန်စွာ အရေးကြီးသည့်အချက်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နှလုံးနှင့် သွေးကြောရောဂါများ အပါအဝင် အခြားမကူးစက်နိုင်သောရောဂါများ ဖြစ်ပွားသေဆုံးမှုကို လျှော့ချနိုင်ရေးအတွက် မကူးစက် နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၃-၂၀၂၇)ကို ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကျေးလက်ကျန်းမာရေးဌာနခွဲအဆင့်မှစ၍ မကူးစက်နိုင်သော ရောဂါများ စစ်ဆေးကုသနိုင်သည့် ဆေးခန်းပေါင်း (၇၄၇၆) ခု ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်၍ စစ်ဆေးကုသပေးလျက်ရှိပြီး ကုသမှုအတွက်လိုအပ်သော အခြေခံနှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါများ ကုသသည့် ဆေးနှင့်  ဆေးပစ္စည်းများကိုလည်း ပြည်သူများအတွက် နိုင်ငံတော်မှ အခမဲ့ပံ့ပိုးပေးလျက် ရှိပါကြောင်း၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် နှလုံးရောဂါလူနာများအတွက် ခေတ်မီ စက်ကိရိယာ၊ နည်းပညာများ အသုံးပြု၍ ကျွမ်းကျင်အထူးကု ဆရာဝန်ကြီးများမှ ကုသမှုပေးလျက် ရှိပါကြောင်း၊ ခေတ်မီကုထုံးများနှင့် နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အရှေ့တောင်အာရှဒေသတွင်း အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်ဆေးရုံကြီးများတွင် နှလုံးအထူးကြပ်မတ်ကုသဆောင် (Coronary Care Unit) များဖွင့်လှစ်ရန် စီစဉ်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ် အခမ်းအနား ပြခန်းအား လှည့်လှည်ကြည့်ရှုပြီး နှလုံးကျန်းမာရေးစစ်ဆေးပေးခြင်း ဒုတိယနေ့ ဆောင်ရွက်နေမှုကို လှည့်လှည်ကြည်ရှု့အားပေးသည်။

 

အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုအဆင့်အဖွဲအစည်းနှင့် ဝန်ကြီးဌာနများမှ အဆင့်မြင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်းတို့မှ ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံနှလုံးဆေးပညာရှင်များအဖွဲ့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ အတွင်းရှိ ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများနှင့် ပါမောက္ခ/ဌာနမှူးများ၊ အစိုးရမဟုတ်သော မိတ်ဖက်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့‌ကြောင်း သိရသည်။

(သတင်းစဉ်)