တောင်ကြီး၊ ဇန်နဝါရီ   ၁၀

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက တောင်ကြီးမြို့နယ်၊ ပင်းပက်ဒေသရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ရာနှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သော Shan Yoma Cement Co.,Ltd တစ်နေ့လျှင် တန် (၁၀၀၀)ကျ စက်ရုံတည်ဆောက်ပြီး ဘိလပ်မြေထုတ်လုပ်ခြင်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှုလေ့လာသည်။

 

ထိုသို့ ကြည့်ရှုလေ့လာစဉ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းနှင့်ပတ်သက်သည့် လိုအပ်သည်များ အကြံပြုညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဘိလပ်မြေ ထုတ်လုပ်မှု လုပ်ငန်းများကိုလည်းကောင်း၊ စက်ရုံဝင်းအတွင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်  ဆက်စပ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ထောပတ်သီးစိုက်ခင်းသို့လည်းကောင်း လှည့်လည်ကြည့်ရှု အားပေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့ရှိ ထောပတ်သီးစိုက်ပျိုး ထုတ်လုပ်သူများ စုပေါင်းဆောင်ရွက်လျက်ရှိသည့်  ထောပတ်သီးဆေးကြော၊ သန့်စင်၊ ထုတ်ပိုးမှု စက်ရုံသို့ ရောက်ရှိပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုအားပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရပ်စောက်မြို့နယ်၊ မကျီးကုန်းကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ရာနှုန်းပြည့်မြန်မာ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သော Unique Lawksawk Mango Public Co., Ltd. ၏ သရက်သီးသန့်စင် ထုတ်ပိုးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးရာ ကုမ္ပဏီ၏ ဒါရိုက်တာ ဦးမြင့်ဦးက လုပ်ငန်းဆောင်ရွက်နေမှု၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ကုန်ထုတ်လုပ်မှု မြှင့်တင်ရေး၊ သရက်သီးစိုက် တောင်သူများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ သရက်သီးအပြင် အခြားဈေးကွက်ဝင် သီးနှံများကိုပါ အဆင့်မီ ထုတ်ပိုးဈေးကွက်တင်နိုင်ရေး၊   ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြီးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးကာ စက်ရုံအတွင်း လုပ်ငန်း‌ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။

 

mdn

 

ပြည်ထောင်စုဝန်ကြီးသည် ယနေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့၌ ရှမ်းပြည်နယ် (တောင်ပိုင်း) ကုန်သည်များ၊ စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံရေး အပြောင်းအလဲတွင် နိုင်ငံ၏ စီးပွားရေးထိခိုက်မှု မရှိစေရေးအတွက် နိုင်ငံတော် အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များ အားလုံးလက်တွဲပြီး ပူးပေါင်းဆောင်ရွက်သွားရန် လိုကြောင်း ပြောကြားပြီး ကိုဗစ်-၁၉ ကပ်ရောဂါအလွန် စီးပွားရေးပြန်လည်ဦးမော့  လာစေရေးအတွက် အစိုးရနှင့် လုပ်ငန်းရှင်များ အားလုံးပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံ့ စီးပွားရေး ပြန်လည်တည်ငြိမ်ကောင်းမွန်လာစေရေးအတွက် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ထားသည့် အချက်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက ဦးဆောင်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် မလိုအပ်သည့် လုပ်ငန်းအဆင့်များ လျှော့ချရေး၊ အစိုးရဌာနအသီးသီးနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စွာဖြင့် မြန်ဆန်သွက်လက်အောင် ဆောင်ရွက်နိုင်ရေး၊ အချို့သော လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းများကို ပြန်လည်သုံးသပ်ကာ လိုအပ်သလို ပြင်ဆင်နိုင်ရေး  ဦးစားပေးဆောင်ရွက် လျက်ရှိသည့် အစီအစဉ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံတော်တည်ငြိမ်မှု ရှိလာသည်နှင့်အမျှ စီးပွားရေးလုပ်ငန်းများ ဆောလျင်စွာ ပုံမှန်ပြန်လည် ရောက်ရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးပြောကြားသည်။

 

ထို့နောက် ဆွေးနွေးပွဲ တက်ရောက်လာသည့် စီးပွားရေး လုပ်ငန်းရှင်များက လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများ၊ နိုင်ငံတော်အစိုးရက ပံ့ပိုးကူညီ ပေးရန် လိုအပ်သည့် အချက်များနှင့် အကြံပြုချက်များ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ရှင်းလင်းဆွေးနွေးသည်။

 

အဆိုပါ အခမ်းအနားသို့ ရှမ်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်