နေပြည်တော် မတ် ၇
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်အတူ မတ် ၆ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်း/ မအူပင်ရေနံမြေ၏ လုပ်ငန်းဆောင်ရွက်မှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ညောင်တုန်း/ မအူပင် ရေနံမြေသို့ ရောက်ရှိရာ ရေနံမြေခေတ္တမန်နေဂျာ ဦးဌေးဝင်း က ညောင်တုန်း - မအူပင် ရေနံမြေ၏ တည်နေရာ အကျယ်အဝန်း၊ လေဆီနှင့် သဘာဝဓာတ်ငွေ့များ ထုတ်လုပ်ဖြန့်ဖြူးနေမှု၊ လေဆီနှင့် သဘာဝဓာတ်ငွေ့ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် တွင်းသစ်များတူးဖော်မှု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့မြေ အနီးတစ်ဝိုက်ရှိ ကျေးရွာများနှင့် ဒေသခံများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ပေးမှု၊ လေဆီ သိုလှောင်ကန်နှင့် ပိုက်လိုင်းများ ပြုပြင်တည်ဆောက်မှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုမိုထုတ်လုပ်နိုင်ရေး၊ တွင်းသစ်များ တူးဖော်ခြင်း၊ ထုတ်လုပ်ခြင်းများကို ဆောင်ရွက်ရန်၊ ဝန်ထမ်းများနေထိုင်ရေး အဆင်ပြေစေရန် ဆောင်ရွက်ပေးရေး၊ သဲကြောအသစ်များ ထပ်ဖောက်ရေး၊ ညောင်တုန်း- သာပေါင်း (၁၀) လက်မ (၅၅) မိုင် ပိုက်လိုင်းလမ်းကြောင်းပြောင်း တည်ဆောက်မှုလုပ်ငန်း အချိန်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော်ဘဏ္ဍာငွေများ ချွေတာသုံးစွဲရေး၊ ပိုက်လိုင်းများ တည်ဆောက်ရာတွင် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနိုင်ရေး၊ လျှပ်စစ်မီးကို ချွေတာသုံးစွဲရေးတို့ကို မှာကြားသည်။
ညောင်တုန်း/ မအူပင် ရေနံနှင့် သဘာဝဓာတ်ငွေ့မြေမှ တစ်ရက်လျှင် လေဆီ (၇၀) စည် (condensate) နှင့်သဘာဝဓာတ်ငွေ့ (၂၂ ဒသမ ၅) ကုဗပေသန်း ထုတ်လုပ်ပေးလျက်ရှိပြီး လေဆီအား ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်) ရေနံချက်စက်ရုံသို့ ပို့ဆောင်၍ နိုင်ငံတော် အတွက်လိုအပ်သော စက်မောင်းဆီများ ထုတ်လုပ်ပေးလျက်ရှိသည်။ ထို့အပြင် အဆိုပါဒေသမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များအား ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ၊ ကန်ကြီးထောင့်)၊ ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း)၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် CNG သုံး မော်တော်ယာဉ်များအတွက် ဖြန့်ဖြူးပေးလျက်ရှိသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း) ၏ ကုန်ထုတ်လုပ်မှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


